၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။ ၁၉၈၉ ခုနှစ်မှစပြီး ယနေ့အချိန်အထိ ၂၆ နှစ်တာကာလအတွင်း တရုတ်ရဲ့စီးပွားရေးအထောက်အကူပြု ရင်းနှီးမြုပ်နှံမှုလုပ်ပိုင်ခွင့်တွေ၊ မူးယစ် ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေကရတဲ့ ငွေမည်းတွေကို အခြားစီးပွားရေးလုပ်ငန်းတွေမှာ ငွေဖြူဖြစ်အောင် ရင်းနှီးမြုပ်နှံထားမှုတွေနဲ့ “၀” ဟာ တဖြည်းဖြည်း ကြွယ်ဝချမ်းသာလာတာ ဖြစ်ပါတယ်။ “၀” ဒေသက မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၉၀ ရာခိုင်နှုန်းအထိ ဆိုးရွားစွာ မြင့်မားနေတာ ကို တွေ့ရပါတယ်။ “၀” ဒေသမှာ ဘိန်းမစိုက်တော့ဘူးလို့ ကြေညာခဲ့ပေမယ့် ဘိန်းထက်ဆိုးတဲ့မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ တန်နဲ့ချီထုတ်လုပ်ခဲ့တာကိုတော့ ရူးချင်ယောင်ဆောင်နေခဲ့တယ်။ “၀” ရဲ့ မူးယစ် ဆေးဝါးဈေးကွက်ဟာ တာချီလိတ်မှတစ်ဆင့် ထိုင်းနှင့်မလေးရှား၊ အဲဒီနိုင်ငံတွေကနေ ကမ္ဘာအရပ်ရပ်ကို ဖြန့်ချီ နေတာဖြစ်ပါတယ်။ “၀” ဟာ အစိုးရတပ်တွေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြောင်း အမျိုးမျိုးကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့အချိန် အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ဈေးကွက်တွေကနေ ၀င်ငွေများစွာရရှိအောင် လုပ်နိုင်ခဲ့တယ်။ စီးပွားရေးတောင့်တင်းလာတဲ့ “၀” ဟာ အေးအေး ဆေးဆေးမနေဘဲ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာတာတွေ့ရပါတယ်။
“၀” ခေါင်းဆောင်တွေ ကြီးပွားချမ်းသာနေပေမယ့် ဒေသခံ “၀” ပြည်သူတွေကတော့ နိမ့်ပါးတဲ့ဘ၀တွေကနေ ရုန်းမထွက်နိုင်သေးပါဘူး။ အတိတ်တုန်းက “၀” ဒေသဆိုတာ လူသူအရောက်အပေါက်နည်းပြီး လမ်းပန်း ဆက်သွယ်ရေးလည်း အင်မတန်ခက်ခဲခဲ့ပါတယ်။ ဒါကိုဗကပက အခွင့်ကောင်းယူပြီး စည်းရုံးခဲ့ရာမှ “၀” ဟာ ဗကပရဲ့သြဇာခံအဖြစ် ကျရောက်သွားခဲ့တယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ “၀” ဟာ ငြိမ်းချမ်းရေး ယူခွင့်ရရှိခဲ့သလို အထူးဒေသအဖြစ်လည်း ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။ “၀”ဒေသဟာ နယ်မြေအနေအထားအရ တောင်ပေါ်ဒေသဖြစ်ခြင်း၊ ရာသီဥတုမမှန်ခြင်းတို့ကြောင့် ဒေသခံပြည်သူတွေဟာ မငတ်ရုံတမယ်နေထိုင်ခဲ့ရ တယ်။ ဒေသခံပြည်သူတွေရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ “၀” ဟာ ဘိန်းကို စိုက်ပျိုးပြီး ၀င်ငွေရခဲ့ရာကနေ အရသာသိပြီး မူးယစ်ရာဇာတွေအဖြစ်တောင် ကင်ပွန်းတပ်ခံရတဲ့အထိ စီးပွားရေး သောင်းကျန်းခဲ့ကြတယ်။ နိုင်ငံတော်က ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ၁၀ နှစ် စီမံကိန်းကို ၁၉၉၅ မှ ၂၀၀၅ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခ်ျိန်မှာ “၀” အဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ကြွယ်ဝချမ်းသာနေပြီ ဖြစ်သလို ခေတ်မီလက်နက်တွေဝယ်ပြီး စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ “၀” အဖွဲ့ဟာ လူ၊ လက်နက်၊ အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၀၉ ခုနှစ်မှာ အစိုးရက နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးအတွက် အသွင်ကူးပြောင်းရေးဆောင်ရွက်မှုကို လက်မခံဘဲ ငြင်းဆန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးထားတာကို မတင်းတိမ်နိုင်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ပေးဖို့ တောင်းဆိုနေတာ တွေ့ရပါတယ်။ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ သူတို့တောင်းတဲ့ “၀” ပြည်နယ်မရတဲ့အတွက် NCA မှာ လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လေ့လာသူအဖြစ်တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားခဲ့ပေမယ့် “၀” က မတက်ရောက် ခဲ့ပါဘူး။ “၀” ဟာ ငြိမ်းချမ်းရေးကို စိတ်မ၀င်စားသလို အတ္တကိုယ်ကျိုးစီးပွားအတွက် ပြည်နယ်ရရှိရေးကိုသာ ကြံစည်နေတာ တွေ့ရပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ သူတို့လိုချင်တဲ့ “၀” ပြည်နယ်တောင်းဆိုဖို့ ကော်မတီဖွဲ့စည်းထားပြီလို့တောင် သိရပါတယ်။
တကယ်တော့ “၀” ခေါင်းဆောင်တွေဟာ ကိုယ်ပိုင်ပြည်နယ်ထူထောင်ဖို့ လိုအပ်တဲ့ စစ်အင်အားတိုးချဲ့မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေတာကို တွေ့ရပါတယ်။ “၀” အဖွဲ့ဟာ သံလွင်မြစ်အနောက်ဘက်ခြမ်းဒေသတွေကို Buffer ဇုံအဖြစ် MNDAA၊ TNLA၊ AA နဲ့ SSPP/SSA အဖွဲ့တွေကို ထောက်ပံ့ပေးပြီး ကျောထောက်နောက်ခံ ပြုထားတာဖြစ်ပါတယ်။ “၀”အဖွဲ့အနေနဲ့ လက်ရှိအခြေအနေမှာ အစိုးရနဲ့ တိုက်ပွဲတွေ မဖြစ်ပွားပေမယ့် စစ်အင်အားတိုးချဲ့မှုတွေကြောင့် ထိလွယ်ရှလွယ်အနေအထားမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ “၀”အဖွဲ့ရဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကတော့ ရော်ဘာ၊ လက်ဖက်စိုက်ပျိုးခြင်း၊ ပြည်တွင်းစီးပွားရေးအဖြစ် ဟုန်ပန်းကုမ္ပဏီ၊ သော်တာဝင်းကုမ္ပဏီနှင့် အခြားစီးပွားရေးလုပ်ငန်းများဖြင့် ဗန်းပြဆောင်ရွက်နေပေမယ့် အဓိက စီးပွားရေးလုပ်ငန်းကတော့ တရားမ၀င် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကို ပို့ဆောင်ရောင်းချတာကနေ ရရှိလာတဲ့ တရားမ၀င်ငွေကြေးတွေနဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကို ၀ယ်ယူဖြည့်တင်းနေတာ ဖြစ်ပါတယ်။ “၀”အဖွဲ့ရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချ နေတဲ့ လမ်းကြောင်းကတော့ မိုင်းလားနယ်မြေ၊ “၀”နယ်မြေနဲ့ တရုတ်နိုင်ငံ နယ်စပ်တို့နဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ “၀” အဖွဲ့ဟာ မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းပြီး NDAA (မိုင်းလား)အဖွဲ့ နယ်မြေဖြစ်တဲ့ နမ့်စန်-မိုင်းလားလမ်းကို အသုံးပြုခဲ့တယ်။ အဲဒီလမ်းကြောင်းကနေ တရုတ်နိုင်ငံဘက်မှ ၀ယ်လာတဲ့ လက်နက်/ ခဲယမ်းတွေကို ပန်ဆန်းဗဟိုဌာနချုပ်ထိရောက်အောင် သယ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အတောအတွင်းမှာ ၁၀ ဘီးယာဉ် အစီး ၆၀၊ ဧပြီလ ၄ ရက်မှ ၁၅ ရက်နေ့အတောအတွင်း တုန်ဖုန်းယာဉ်အစီး ၂၀၀ တို့နဲ့ လက်နက်/ခဲယမ်းတွေကို “၀”ဗဟိုဌာနချုပ် ပန်ဆန်းကို သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အကျိုးအမြတ်များပြားလွန်းတဲ့ မူးယစ်ဆေးဝါးကို လက်မလွှတ်နိုင်တဲ့ “၀”ခေါင်းဆောင်တွေအနေနဲ့ မူးယစ် ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် “၀”ဒေသဟာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး အများဆုံးထွက်ရှိတဲ့ ဒေသတစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ရပါတယ်။ UWSA “၀” အဖွဲ့လို့ဆိုလိုက်ရင် ဘိန်းနဲ့တွဲဖက်ကာ ကမ္ဘာကတောင် ရှုမြင်နေကြပြီဖြစ်ပါတယ်။ United Wa State Army လို့ အင်တာနက်မှာ ရှာလိုက်ရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမှတ်တမ်းဓာတ်ပုံတွေကိုသာ တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း UWSA ခေါင်းဆောင် ပေါက်ယူချန်းနဲ့ “၀”ခေါင်းဆောင် ၂၁ ဦးကို အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA)က ဒေါ်လာငွေများစွာနဲ့ ဖမ်းဝရမ်းထုတ်ထားဆဲ ဖြစ်ပါတယ်။
ဒါ့ပြင် “၀”ဒေသဟာ မူးယစ်ရာဇာတွေကို မွေးထုတ်ပေးနေတဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။ မိုင်းပေါက်ဒေသ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် မဟာဝမ်းဟာ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကာလမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျော်ကြားခဲ့ရာမှ အခုဆိုရင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူအဖြစ် လူသိများနေပြီ ဖြစ်ပါတယ်။ မဟာဝမ်းဟာ “၀”နယ်မြေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းပေါက်ဒေသကနေ ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေကို သယ်ဆောင်ရောင်းချလျက်ရှိပါတယ်။ အဲဒီလို သယ်ဆောင်တဲ့နေရာမှာ တပ်မတော်စစ်ကြောင်းတွေနဲ့ တိုးမှာ ကြောက်တဲ့အတွက် တုံတာမြို့နယ် အရှေ့ဘက်ကားလမ်းကို ဖြတ်ပြီး ကျိုင်းတုံမြို့နယ်၊ တောင်ပေါ်(၅)အုပ်စု ဒေသကို သယ်လာတယ်၊ အဲဒီဒေသကတစ်ဆင့် တာချီလိတ်မြို့နယ်နဲ့ တစ်ဖက်နိုင်ငံဆီ ပို့ဆောင်ရောင်းချနေ တယ်လို့ သိရပါတယ်။ ပေါက်ယူချန်းလို မူးယစ်ရာဇာတစ်ယောက်က မဟာဝမ်းလို မူးယစ်ရာဇာလက်သစ်တွေ မွေးထုတ်နေတာ အံ့အားသင့်စရာအကြောင်း မရှိဘူးလို့ ဆိုချင်ပါတယ်။
အဲဒီလို မွေးထုတ်တဲ့အထဲမှာ မူးယစ်ရာဇာ အိုက်ပန်းလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တပ်မတော်စစ်ကြောင်းဟာ သတင်းအရ တောင်ကြီး-ကျိုင်းတုံ ကားလမ်းပေါ်ရှိ လမ်းကျဉ်းနေရာ အား ပိတ်ဆို့ရှာဖွေပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မိုင်းပေါက်ကနေ မိုးညှင်းဘက်ကို ၀င်ရောက်လာတဲ့ ကား(၇)စီးကို ရပ်တန့်ရှာဖွေရာ UWSA “၀”အဖွဲ့၊ တပ်မဟာ(၄၆၈)၊ တပ်မဟာမှူး အိုက်ပန်း ဦးစီး(၄၉)ဦးနှင့် အကျဉ်းသား ၁၉ ဦး၊ ဘိန်းဖြူဘလောက်တုံး အထုပ်(၉၉၂)ထုပ်၊ အလေးချိန် ၄၉၆ ကီလိုဂရမ်၊ ဘိန်းစိမ်း ၀.၅ ကီလိုဂရမ်၊ ဘိန်းစေ့ ၉.၂ ကီလိုဂရမ် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၉၂၀၀၊ လက်နက်မျိုးစုံ(၃၇) လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၇ စီးနှင့်အတူ ငွေကြေးများစွာ ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ ၂၀၁၄ ခုနှစ် ဧပြီလ ၆ ရက်နေ့ကလည်း မန္တလေးမူးယစ်အဖွဲ့က မဟာအောင်မြေမြို့နယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈၀၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိတရားခံ ဟိုမိန်းပြည်သူ့စစ်အဖွဲ့ဝင် စိုင်းဂန္တမာရဲ့ ထွက်ဆိုချက်အရ ဖမ်းဆီးရမိဆေးပြားတွေကို ပန်ဆန်းမြို့နေ UWSA “၀”အဖွဲ့ဝင် ဗိုလ်မှူးအဆင့်ရှိ အိုက်မောင် ထံကနေ ၀ယ်ယူရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပန်ဆန်းမြို့ဟာလည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ မူးယစ်ဆေးဝါး ဈေးကွက်တစ်ခုလို ဖြစ်နေတာ ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။
ဇော်လင်းအောင်
No comments:
Post a Comment