အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ကြိမ်သားများကို တင်ပျဉ်ခွေထဲထည့်၍ ရုပ်လုံးပေါ်လာအောင် ရက်လုပ်နေ၏။ ကြိမ်က ကြမ်းကာပျော့သည်။ သူရက်လုပ်နေသည်က စက်ဝိုင်းပုံလည်းမကျ၊ ဘဲဥပုံလည်းမကျ၊ ရှေ့ကိုချွန်းချွန်း
ထွက်နေသည့် ခေါင်းအုပ်ပုံစံ။ ပြီးလျှင်တော့ ထိုခေါင်းစွပ်ပုံစံကြိမ်ကို မာသွားအောင် ကော်သုတ်ရမည်။ ထို့နောက် အောက်ခြေမှ အနားစွန်းများကို ပိတ်နှင့်လိုက်ချုပ်ရမည်။
ပြီးသည့်အခါ အပေါ်မှ ပိုး၊ ဖဲ အစရှိသည့် ပိတ်တို့ကို ပုံစံတကျပတ်၍ ပေါင်းထုပ်လိုက်လျှင်တော့ ဈေးကွက်တွင် ကျပ်ငါးထောင်ဖြင့် ရောင်းချရနိုင်သည့် မြန်မာ့ရိုးရာ မောင့်ကျက်သရေ ခေါင်းပေါင်းတစ်ခုကိုရရှိပါပြီ။
‘‘အခုခေတ် ခေါင်းပေါင်းဆိုတာ ယောက်ျားတိုင်းဝယ်ဆောင်းတဲ့ အဆင်တန်ဆာတော့ မဟုတ်ဘူးရယ်’’ဟု နှစ်ပေါင်း ၅၀ သက်တမ်းရှိ မောင်စိုးမိုးဦးခေါင်းပေါင်းလုပ်ငန်းမှ မမူမူထွန်းက ပြောသည်။
ခေါင်းပေါင်းဆိုသည်မှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်နှင့် မင်းခမ်းမင်းနားတို့တွင် အသုံးပြုသည့် အမျိုးသားတို့၏ အဆောင်အယောင်ပစ္စည်း ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်တွင် ပဒေသရာဇ်ခေတ်မှပင် စတင်၍ မြန်မာဘုရင်၊ မှူးမတ်များ ဗောင်း တော်ဟုခေါ်သည့် ၎င်းတို့၏ အဆောင်အယောင်များအပြင် ပိတ်ဖြင့်ထုံးဖွဲ့ကာ ကျက်သရေခေါင်းပေါင်းကို အမြတ်တနိုးဆောင်းကြ၏။ ထို့ပြင် ဟိုးယခင် ပါလီမန်ခေတ် လွှတ်တော်ကတည်းက အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်တို့ ခေါင်းပေါင်းစ တလူလူဖြင့် လွှတ်တော်တက်ကာ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။
၂၀၁၁ မှစ၍ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလွှတ်တော်များတွင်လည်း လွှတ်တော်အမတ်များ၏ အဆင်အယင်အဆောင်အယောင်အဖြစ် ခေါင်းပေါင်းဝတ်ဆင်လာကြသည်။ ထုံးဖွဲ့ပုံနှင့် ပေါင်းဟန်များ
ကွာခြားလာသည်မှအပ မြန်မာ့ရိုးရာခေါင်းပေါင်းကို မြင်လျှင် နိုင်ငံရေးနှင့်တွဲ၍ ဆက်စပ်မြင်လာသည်ကတော့ သေချာ၏။
‘‘လူပုံပေါ်မှာကွာ ခေါင်းပေါင်းပုံလေး ထည့်ဆွဲလိုက်ပေါ့။ ဒါဆိုလွှတ်တော်အမတ်လို့လူတွေ သိပြီလေ’’ ဟု ကာတွန်းဆရာတစ်ယောက်က လွှတ်တော်အမတ်ပုံ သရုပ်ဖော်ခြင်းကို ရှင်းပြနေခြင်း ဖြစ်သည်။ မောင့်ကျက်သရေ
ခေါင်းပေါင်းမှာ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များ၏ အဆင်အယင် အဆောင်အယောင်တစ်ခုပင် ဖြစ်ပါသည်။ ထို့အတူပင် ခေါင်းပေါင်းရက်လုပ်သူတို့၏ဈေးကွက်တွင် အဓိကပစ်မှတ်မှာလည်း လွှတ်တော်အမတ်များပင်ဖြစ်လာကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ခေါင်းပေါင်းရက်လုပ်သည့် လုပ်ငန်းများမှာ ဈေးကွက်ကျယ်ပြန့်ပြီး ၀ယ်လိုအားများသည့် လုပ်ငန်းတစ်ခုတော့မဟုတ်ဟု မမူမူထွန်းက ဆိုသည်။ လွှတ်တော်များခေတ်စားသည့် ၂၀၁၁ နောက်ပိုင်းမှသာ ပြန်လည်ဦးမော့လာရပြီး ယခင်က ပွင့်လင်းရာသီများနှင့် မင်္ဂလာဆောင်များကိုသာ အားကိုးခဲ့ရခြင်းဖြစ်ကြောင်း သူက ပြောသည်။ ထို့ကြောင့်ပင် လွှတ်တော်အမတ်များက ခေါင်းပေါင်းလုပ်ငန်းများကို သက်တမ်းရှည်ကြာအောင် အထောက်အကူပြုသည့် ဖောက်သည်များ ဖြစ်နေကြပြီး ခေါင်းပေါင်းလုပ်ငန်းများမှာလည်း သူတို့ကိုသာ အဓိကဖြန့်ချိရောင်းချရကြောင်း ခေါင်းပေါင်းလုပ်ငန်းအများစုက တညီတညွတ်တည်း ဆိုကြသည်။
‘‘အပြင်မှာ သတို့သားသတို့သမီးတွေ၊ အလှဓာတ်ပုံတွေအတွက် ခေါင်းပေါင်းတွေလုပ်ရပေမယ့် တစ်လလောက်မှ အလုံး ၃၀ လောက်ပဲလုပ်ရတာ အဆင်မပြေဘူး’’ဟု လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှ မိသားစုခေါင်းပေါင်းလုပ်ငန်း လုပ်ကိုင်သူ မဝေလွင်အေးက ကြုံ တွေ့နေရသည့် အခက်အခဲကို ပြောသည်။
ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၆၆၀ ဦးရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁,၂၀၀ ခန့်ရှိပြီး တိုင်းရင်းသားလွှတ်တော် အမတ်များနှင့် အမျိုးသမီးလွှတ်တော်အမတ်များကို ဖယ်လိုက်လျှင် ခေါင်းပေါင်းဝတ်ဆင်သည့် လွှတ်တော်ကိုယ်စားလှယ် ၁,၀၀၀ ခန့်ရှိပါသည်။
လွှတ်တော်အမတ်များက တစ်နှစ်လျှင် အနည်းဆုံးတော့ ခေါင်းပေါင်းခြောက်လုံးခန့် ဝယ်ယူသည်ဟု မေးမြန်းစုံစမ်းရသမျှ သိရ၏။ ‘‘ခေါင်းချွေးထွက်တဲ့ လူတွေကတော့ တစ်နှစ်ခြောက်လုံး၊ ခုနစ်လုံးလောက် ဝယ်ကြမယ်ဗျ။ ကျွန်တော်ကတော့ တစ်နှစ်လေး လုံးလောက်ပဲ ဆောင်းတယ်’’ ဟု ပထမအကြိမ် လွှတ်တော်သက်တမ်း အမျိုးသားလွှတ်တော်မှ ဦးဖုန်းမြင့်အောင်က ဆိုပါသည်။
ယခုအချိန်များက မမူမူထွန်းတို့အတွက် လက်ဖျားတွင် ငွေမစို့မပို့သီး၍ ပျော်ရွှင်ရသောကာလ ဖြစ်၏။ ယခုနှစ်၏ ဒီဇင်ဘာနှင့် ဇန်န၀ါရီများက မမူမူထွန်းတို့သာမက ခေါင်းပေါင်းလုပ်ငန်းလုပ်ကိုင်သူ၊ ရောင်းချသူအတော်များများ ပြုံးပျော်နိုင်သောအချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖေဖော်ဝါရီပထမပတ်တွင် လွှတ်တော်အသစ် စတင်ပြီဖြစ်၏။ အစိုးရအသစ်ဖွဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စရတော့မည်ဖြစ်၏။ လူဟောင်းများက ခေါင်းပေါင်းကိုချွတ်ချ၍ လူသစ်များ ခေါင်းပေါင်းအသစ်ဝတ်ဆင် ရတော့မည့်အချိန်ဖြစ်သည်။
ထို့ကြောင့် ယခုနှစ် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ခေါင်းပေါင်းများ ဈေးကွက်အပြိုင်ရောင်းချနိုင်ရန်
အောက်တိုဘာကတည်းက ပြင်ဆင်ထားခဲ့ရသည်ဟု ၎င်းတို့ကဆိုကြသည်။
ရန်ကုန်မြို့တွင် ခေါင်းပေါင်းရက်လုပ်သည့်လုပ်ငန်းများမှာ စုံစမ်းရသလောက် မမူမူထွန်းတို့ အပါအဝင် လေးခုခန့်ရှိသည်။ ပင်ရင်းလေးခုသာရှိသော်လည်း တံဆိပ်ကတော့ အများအပြားရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မမူမူထွန်းတို့လို ထုတ်လုပ်၊ ရက် လုပ်သူများကပင် အခြားသူများ၏ အမှတ်တံဆိပ်ကပ်ပေးကာ အော်ဒါပြန်ရောင်းချရသောကြောင့်ဖြစ်၏။ ဈေးကွက်အတွင်းတွင် ယခင်က ခေါင်းပေါင်းအမှတ်တံဆိပ်ပေါင်း ၄၀ ခန့်ရှိပါသည်။
မြန်မာ့ရိုးရာခေါင်းပေါင်းပုံပေါ်လာအောင် လုပ်ဆောင်ရသည့် နည်းအဆင့်ဆင့်မှာ လွယ်တော့မလွယ်ကူပါ။ ခေါင်းပေါင်းတစ်လုံးထွက်လာရန် လူသုံးဦးခန့်၏ လုပ်အားကိုသုံးရသည်။ ‘‘ခေါင်းပေါင်းတစ်လုံးရက်လုပ်ရန် ခြောက်နာရီမျှ အချိန်ယူရသည်ဟု မောင်စိုးမိုးဦးခေါင်းပေါင်းလုပ်ငန်းမှ မမူမူထွန်းက ဆိုပါသည်။
မောင့်ကျက်သရေခေါင်းပေါင်းများတွင် ကြိမ်ကြမ်းပေါင်းနှင့် ကြိမ်ချောပေါင်းဟူ၍ နှစ်မျိုး နှစ်စားရှိသည်။ အချောက လက်ရာပိုသေသပ်၍ ကောင်းမွန်ပြီး လေဝင်လေထွက်လည်း မျှတ၏။ ခေါင်းပေါင်းတစ်လုံး၏တန်ဖိုးကို အဆုံးအဖြတ်ပေးသည်ကတော့ ကြိမ်ပေါ်မှအုပ်သည့် ပေါင်းသားခေါ်ပိတ်သားပင်ဖြစ်သည်။ ဖဲသားထက်ပိုကောင်းသော ပိုးသားက ဈေးပိုပေးရသည်။ ထို့အပြင် အီတလီပိုးဟူ၍ ပိုးအနုသားလည်းရှိသေးသည်။ နိုင်ငံ့အကြီးအကဲများကတော့ ကတ္တီပါသားအနုစားနှင့် ပတ်ပေါင်းလေ့ရှိကြသည်ဟု ခေါင်းပေါင်းထုတ်လုပ်သူများက ဆိုကြပါသည်။
ရန်ကုန်၊ မန္တလေးနှင့်မြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချနေသော ခေါင်းပေါင်းလုပ်ငန်းများအတွက် ကုန်ကြမ်းဖြစ်သည့် ခေါင်းပေါင်းကြိမ်များ အဓိကထွက်ရှိရာနေရာကတော့ ဟင်္သာတမြို့ရှိ သခွပ်ချောင်းကျေးရွာဖြစ်၏။ ထိုရွာမှထွက်သော ကြိမ်များကို ခေါင်းပေါင်းအတွက် ရက်လုပ်ပြီး ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူရှိလုပ်ငန်းများသို့ တင်ပို့ကြသည်။ ခေါင်းပေါင်းတစ်လုံးဖြစ်ရန် ကြိမ်ကြမ်းတစ်ခု ရက်လုပ်ခတစ်လုံးလျှင် ကျပ် ၄၅၀ ရကြောင်း သခွပ်ချောင်းကျေးရွာမှ မအေးသာစိုးက ပြောသည်။
ထိုသခွပ်ချောင်းမှ ကြိမ်ကြမ်းခေါင်းအုပ်များက မမူမူထွန်းတို့လို ရောင်းချသူတွေဆီ ရောက်လာသည်။ မမူမူထွန်းတို့က တစ်ခါတရံ ကိုယ်တိုင်ရက်လုပ်သည်လည်း ရှိသည်။ သခွပ်ချောင်းမှ ကြိမ်အုပ်များကို ခေါင်းပေါင်းအသွင်ပြောင်းပြီး ဈေးကွက်အတွင်းပို့ကြ၏။ ဖဲ၊ ပိုးတို့နှင့်ရက်လုပ်သော ခေါင်းပေါင်းတစ်ခုကို ၅,၀၀၀ ဖြင့် ဖြန့်ချိသော်လည်း ဆိုင်ကြီးများက ၁၀,၀၀၀ အထိပင် ဈေးတင်ရောင်းလေ့ရှိကြောင်း မမူမူထွန်းကဆိုသည်။
မမူမူထွန်းတို့မှာခေါင်းပေါင်းလုပ်ငန်းကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခြင်းဖြစ်သည်။ အဘိုးလက်ထက်က ပြုလုပ်ခဲ့သော မောင်တင်မောင်တံဆိပ်ခေါင်းပေါင်းလုပ်ငန်းသက်တမ်း နှစ် ၈၀ ရှိပြီဟု မမူမူထွန်းတို့၏ မိသားစုမှ အစ်မအကြီးဆုံး မဌေးဌေးကြည်ကပြောသည်။ ‘‘ဒီအလုပ်က ပိုက်ဆံရတဲ့ရောင်းကုန်တော့မဟုတ်ဘူး။ လူတစ်ယောက်က တစ်သက်မှာ ခေါင်းပေါင်းဘယ်နှခု ဝယ်မတုံး။ ပွဲနေပွဲထိုင်အတွက်သာ အားကိုးရတာလေ’’ ဟု ၎င်းကဆိုသည်။ ‘‘မိဘလက်ငုတ်လက်ရင်းလေးနဲ့ မိရိုးဖလာအလုပ်မို့လုပ်နေတာပါ’’
မမူမူထွန်းတို့က ဈေးကွက်အလိုအရ ယခင်က ခေါင်းပေါင်း ၁၅၀ ကျော် ထုတ်လုပ်နိုင်ပြီး ရန်ကုန်မှသင်္ကန်းဆိုင်နှင့် လက်ကားဆိုင်ကြီး ၆၀ ခန့်ကို သွင်းသည်။
ထိုဆိုင်များမှတစ်ဆင့် ဈေးကွက်အတွင်းသို့ ရောက်လာကြခြင်းဖြစ်သည်။ အခြားလုပ်ငန်းတူများကလည်း ထိုသို့ပင်လုပ်ကိုင်ကြခြင်းဖြစ်သည်။ ထိုဆိုင်များမှ တစ်ဆင့်နယ်ဘက်များနှင့် အခြားမြို့ကြီးများသို့လည်း ရောက်ရှိသွားသည်။ သို့သော် ယခုလများတွင် ပွင့်လင်းရာသီနှင့် လွှတ်တော်အသစ်စချိန်များဖြစ်သည့်အတွက် သုံးလအတွင်းခေါင်းပေါင်း၂,၀၀၀ ကျော်ခန့်ရက်လုပ်ကာ ရောင်းချနိုင်ခဲ့ပြီးဖြစ်သည်။
‘‘အခုရက်ပိုင်း အော်ဒါအရမ်းကျတယ်။ နဂိုထက် ငါးဆလောက်လုပ်ရတယ်လေ။ ဆိုင်တွေက အရမ်းမှာကြတယ်။ ပိုးတွေ၊ ဖဲတွေတစ်ခါမှာရင် သုံးရာလောက်မှာတယ်’’ ဟု မအေးမာလွင်ကဆိုသည်။
ထို့အပြင် ရက်ပိုင်းအတွင်းမှာပင် မင်္ဂလာဆောင်သူများနှင့် ပွဲလမ်းသဘင်များရှိနေခြင်းကြောင့် ခေါင်းပေါင်းများကို နဂိုထက်အရေအတွက် ပိုမိုမှာယူဖြစ်ကြောင်း ဇောတိကသင်္ကန်းတိုက်က ပြောသည်။ ခေါင်းပေါင်းစီးပွားရေးကောင်းလာသည့် အကျိုးကျေးဇူးသည် သခွပ်ပင်ရွာသို့ပင် ရောက်ရှိလာ၏။ ‘‘အခုကြိမ်ခေါင်းအုပ်ရက်ရင် ခြောက်ရာရပြီး ကြိမ်ချောရက်ရင် ရှစ်ရာရနေတယ်’’ ဟု မအေးသာစိုးကဆိုသည်။
ရိုးရာခေါင်းပေါင်းများ ရောင်းအားရှိလာသော်လည်း ဈေးကွက်တွင် အခက်အခဲတစ်ခု ရှိနေသည်။
ဖလင်ဖြင့် ပြုလုပ်ထားသော ဈေးသက်သာသည့် ခေါင်းပေါင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ကြိမ်ဖြင့် ရက်လုပ်ရသည့်နေရာတွင် ဖလင်ဖြင့်အစားထိုး၍ အပေါ်၌ အဝတ်ပတ်ထားသည့် ခေါင်းပေါင်းအမျိုးအစားတစ်ခုထပ်၍ ထွက်ပေါ်လာသည်။
‘‘ဖလင်နဲ့ လုပ်တာတွေက ဈေးပိုနည်းတယ်။ သုံးထောင်လောက်နဲ့ ရကြတယ်လေ။ ဒါပေမဲ့ ကျန်းမာရေးကျတော့ မကောင်းဘူးရယ်။ ခေါင်းမှာလှောင်ပြီးချွေးထွက်တယ်’’ ဟု မဝေလွင်အေးက ပြောသည်။
၂၀၁၁ လွှတ်တော်မစမီကလည်း ယခုကဲ့သို့ ဖလင်ခေါင်းပေါင်းများ ထွက်ပေါ်လာပြီး ဈေးကွက်တစ်နေရာယူသွားခဲ့သည်ဟု မမူမူထွန်းကပြော၏။
‘‘ဟိုတစ်ခေါက် လွှတ်တော်မှာ ခေါင်းပေါင်းတွေချွတ်ဖို့ကိစ္စ ပြောတာကြားတယ်။ ဒါဖလင်ခေါင်းပေါင်းတွေကြောင့်ထင်တယ်။ အဲဒီဖလင်တွေဆောင်းရင် ခေါင်းမူးတာ၊ ခေါင်းချွေးထွက်တာ ဖြစ်တတ်တယ်’’ဟု ၎င်း၏ထင်မြင်ချက်ကိုပြောသည်။
ခေါင်းပေါင်းလုပ်ငန်းများမှာ ၁၉၈၈ နောက်ပိုင်းတွင် ရောင်းအားကြီးမားစွာကျဆင်းသွားခဲ့ပြီးနောက် ယခုမှတစ်ဖန် ပြန်လည်ဦးမော့လာခဲ့ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါလုပ်ငန်းများ၏ အဓိကအားပေးသူများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ခေါင်းပေါင်းများသည် နေ့စဉ်နှင့်အမျှ ရောင်းချရသည့် ကုန်ပစ္စည်းမဟုတ်ဘဲ ရာသီနှင့်အလိုက် ရောင်းချရသည့်ပစ္စည်းဖြစ်နေပြန်သည်။
ထို့ကြောင့် အရောင်းအဝယ်ဖြစ်သည့် လက်ရှိအချိန်ကို ခေါင်းပေါင်းလုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်ကြခြင်းဖြစ်၏။
မဝေလွင်အေးကတော့ ယခုလိုဆိုပါသည်။‘‘ခေါင်းပေါင်းလုပ်တဲ့ ရောင်းတဲ့လူတွေကတော့ ချမ်းသာမလာဘူး။ ခေါင်းပေါင်းဆောင်းတဲ့လူတွေပဲ ချမ်းသာသွားတာ’’ ဟု ၎င်းက ဆက်လက်ပြောပါသည်။
7 day
No comments:
Post a Comment