Thursday 7 January 2016

ဈေးအကြီးဆုံးဖုန်းများ

ချမ်းသာ ကြွယ်ဝသူများသည် တန်ဖိုးကြီးဖုန်းများကို ကိုင်တွယ်ရာတွင် ကျောက်မျက် ရတနာမျိုးစုံဖြင့် အလှဆင်လေ့ ရှိကြသည်။ ထို့ကြောင့် ဖုန်းတစ်လုံး၏ တန်ဖိုးသည် ထင်မှတ်ထားသည်ထက် ပိုမိုနေသည်။ ဖုန်းများကို စိတ်ကြိုက်ဖန်တီး အလှဆင်ထားသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တန်ဖိုးကြီးဖုန်း အများအပြား ရှိနေသော်လည်း ၂၀၁၅ ခုနှစ်အတွင်း ဈေးအကြီးဆုံး အဖြစ် သတ်မှတ် ခံထားရသော ဖုန်း(၁၀) လုံး အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။
Falcon SuperNova Pink Diamond iPhone 6 ဒေါ်လာ (၄၈ ဒသမ ၅ သန်း)
iPhone 6 ကို တန်ဖိုးရှိ စိန်ပွင့်ကြီး တစ်ပွင့် တပ်ဆင်ထားခြင်း ဖြစ်သည်။ ယင်းဖုန်း၏ တန်ဖိုးကို ကြားပါက မယုံနိုင်အောင် ဖြစ်သွားပါလိမ့်မည်။ သို့သော် ယင်းဖုန်းသည် တန်ဖိုးကြီးဖုန်းများတွင် တန်ဖိုးအရှိဆုံး ဖြစ်သည်။ အလွန်ရှားပါးသည် ပန်းရောင် စိန်ပွင့်ကြီးကို ဖုန်းနောက်ကျောတွင် အလှဆင်ထားခြင်း ဖြစ်သည်။

ယင်းနောက် ကုမ္ပဏီ၏ အမှတ်အသား ဖြစ်သည့် Falcon ကို ရေးထိုးထားသည်။ လှပသည့် ဖုန်းတစ်လုံး ဖြစ်သော်လည်း တန်ဖိုးအလွန်ကြီးခြင်းကြောင့် မြင်တွေ့ရသူအဖို့ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

iPhone 5 Black Diamond ဒေါ်လာ (၁၅)သန်း
iPhone 5 ကို စိန်နက်များဖြင့် စီခြယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် စိန်ဖြူများစွာကိုလည်း ထည့်သွင်း ထားသောကြောင့် တန်ဖိုးအလွန်ကြီးခြင်း ဖြစ်သည်။ Button နေရာတွင် (၂၆) ကာရက် ရှိသည့် စိန်နက်များ တပ်ဆင်ထားပြီး Apple လိုဂိုကိုလည်း စိန်ပွင့်များဖြင့် အလှခြယ်ထားသည်။ ထို့ပြင် စိန်ဖြူပွင့်ပေါင်း (၆၀၀) ကိုလည်း တပ်ဆင်ထားသည်။ (၂၄) ကာရက် ရှိသည့် ရွှေများလည်း ပါဝင်သည်။ ယင်းဖုန်းကို ပြုလုပ်ရာတွင် သီတင်းပတ် ကိုးပတ် အချိန်ယူခဲ့ရကြောင်း သိရသည်။

Diamond Rose iPhone 4 ဒေါ်လာ (၈)သန်း
iPhone 4 ကို စိန်များဖြင့် စီခြယ်ထားခြင်း ဖြစ်သည်။ 32 GB ဖုန်းကို တန်ဖိုးအရှိဆုံး ဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ နောက်ဆုံး Apple လိုဂိုကိုလည်း စိန်များဖြင့် စီခြယ်ခဲ့သည်။ ပန်းသီးလိုဂိုတွင် စိန်ပွင့်ပေါင်း (၅၃) ပွင့် တပ်ဆင်ထားပြီး အခြားနေရာများတွင်လည်း စိန်ပွင့်ပေါင်း (၅၀၀) တပ်ဆင်ထားသည်။

Button နေရာတွင်လည်း စိန်ပွင့် အကြီးတစ်ပွင့်နှင့် အခြား စိန်ပွင့်များကိုလည်း တပ်ဆင်ခဲ့သည်။ ပလက်တီနမ်နှင့် ရွှေများကိုလည်း တပ်ဆင်ထားသဖြင့် တန်ဖိုး အလွန်ကြီးသွားခြင်း ဖြစ်သည်။

Super Goldstriker iPhone 3G ဒေါ်လာ(၃ ဒသမ ၂ သန်း)
စိန်နှင့် ရွှေများဖြင့် အလှဆင်ထားသည့် iPhone တစ်လုံး၏ တန်ဖိုးသည် ဒေါ်လာ ( ၃ ဒသမ ၂) သန်း ရှိနေခြင်းက အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ရွှေသားအစစ်ကို စိန်ပွင့် (၁၃၆) လုံး တပ်ဆင်ထားပြီး Button နေရာကို ခုနစ်ကာရက်ကျော် ရှိသည့် စိန်ပွင့်ကြီးကိုလည်း တပ်ဆင်ထားသည်။ ယင်းဖုန်းကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်ပြီး ၀ယ်ယူရန် အလွန်ခက်ခဲကြောင်း သိရသည်။

iPhone 3G Kings Buttona ဒေါ်လာ (၂ ဒသမ ၅ သန်း)
iPhone ကို စိန်များဖြင့် အလှစီခြယ်ထားခြင်း ဖြစ်သည်။ စိန်အများအပြား ပါဝင်ခြင်း မရှိသော်လည်း Home Button နေရာတွင် စိန်ပွင့်ကြီး တစ်ပွင့် တပ်ဆင်ထားသည်။ စိန်ပွင့်ပေါင်း (၁၃၈) ပွင့်နှင့် ( ၆ ဒသမ ၆) ကာရက်ရှိသည့် စိန်ပွင့်ကြီးကြောင့် တန်ဖိုးကြီးဖုန်း အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

Diamond Studded iPhone6 ဒေါ်လာ (၂ ဒသမ ၅ သန်း)
နာမည်ကျော် iPhone 6 ကို အလှဆင်ထားခြင်း ဖြစ်သည်။ iPhone 6 သည် သုံးစွဲသူများကို စိတ်ကျေနပ်မှု ဖြစ်စေပြီး၊ ယင်းဖုန်းတွင် အဖိုးတန်စိန်များ စီခြယ်ခဲ့သောကြောင့် တန်ဖိုးအကြီးဆုံး ဖုန်းစာရင်းတွင် ပါဝင်ခဲ့သည်။ ရွှေအစစ်များကိုပါ ထည့်သွင်းခဲ့သောကြောင့် ဖုန်းတစ်လုံး တန်ဖိုးသည် ဒေါ်လာ နှစ်သန်းကျော်သွားခြင်း ဖြစ်သည်။

GoldVish LE Million ဒေါ်လာ (၁ ဒသမ ၄၅ သန်း)
ဆွစ်ဇာလန် အခြေစိုက် GoldVish မှ ထုတ်လုပ်ထားသည့် တန်ဖိုးကြီး ဖုန်းတစ်လုံး ဖြစ်သည်။ ယင်းဖုန်း၏ အသွင်မှာ ထူးခြားသလို ကျောက်မျက်ရတနာများနှင့် ပြုလုပ်ထားသောကြောင့် တန်ဖိုးအကြီးဆုံး ဖုန်းများတွင် တစ်လုံးအပါအ၀င် ဖြစ်ခဲ့သည်။ (၁၈) ကာရက်ရှိ ရွှေ၊ (၁၂၀) ကာရက် ရှိသည့် စိန်တို့အပြင် ပလက်တီနမ် တို့ဖြင့်ပါ ထည့်သွင်း ပြုလုပ်ထားသည်။ ယင်းဖုန်းကို သုံးလုံးသာ ပြုလုပ်ထားသည်။

Diamond Crypto Smartphone ဒေါ်လာ (၁ ဒသမ ၃ သန်း)
ဖုန်းကတော့ သာမန်ဖုန်း ဖြစ်သော်လည်း စိန်များဖြင့် အလှစီခြယ်ထားသောကြောင့် တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။ ဖုန်း၏မျက်နှာစာတွင် တန်ဖိုးကြီး စိန်ပွင့်ပေါင်း (၅၀) တပ်ဆင်ထားသည်။ ယင်းစိန်များတွင် အရည်အသွေး ကောင်းမွန်သည့် စိန်ပြာ (၁၀) ပွင့် ပါဝင်နေသည်။ ဖုန်းအသုံးပြုသူ အနေဖြင့် စိန်ပွင့်များ၏ တန်ဖိုးကြောင့် ပိုမိုစမတ်ကျစေမည် ဖြစ်သည်။

Gresso Luxor Las Vegas Jackot (ဒေါ်လာ တစ်သန်း)
တန်ဖိုးကြီး ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သုံးလုံးသာ ထုတ်လုပ်ခဲ့ခြင်းကြောင့် ငွေကြေးချမ်းသာ ခဲ့လျှင်လည်း ၀ယ်ယူရန် အလွန်ခက်သည့် ဖုန်းဖြစ်သည်။ နောက်ခံကို နှစ် (၂၀၀) သက်တမ်းရှိ အာဖရိက သစ်နက်သားကို အသုံးပြုပြီး ရွှေသား စစ်စစ်ဖြင့် ၀န်းရံထားသည်။ ထို့ပြင် စိန်နက်များကိုလည်း ထည့်သွင်းမှု ပြုလုပ်ထားသည်။ ကီးပက်ကိုလည်း နီလာများဖြင့် ပြုလုပ်ထားသည်။

Vertu Signature Cobr ဒေါ်လာ (၃၁၀၀၀၀)
Vertu ဖုန်း၏ ဒီဇိုင်းသည် အလွန်ရိုးရှင်းသော်လည်း တန်ဖိုးကြီးဖုန်း အဖြစ် သတ်မှတ် ခံထားရသည်။ ဖုန်းပေါ်တွင် မြွေဟောက်ပုံစံကို ကျောက်မျက် ရတနာများဖြင့် ပြုလုပ်ခဲ့ခြင်းကြောင့် တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။ ယင်းသို့ ပြုလုပ်ထားသော ဖုန်းအရေအတွက်မှာလည်း ရှစ်လုံးသာ ရှိသည်။ မြ၊ပုလဲ၊ ပတ္တမြား တို့ဖြင့် အလှခြယ်သထားသည့် ဖုန်းတစ်လုံး ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment