ကိုရီးယားရဲ့အဓိကစားစရာအဖြစ်
တစ်နေ့ကို သုံးနပ်စားခဲ့ကြတဲ့ ထမင်းကို အခုတော့လူကြိုက်များမှု
လျော့လာတဲ့အတွက် တောင်ကိုရီးယားမှာ ဆန်တန်ချိန် ၁.၃၆ သန်းပိုနေပါတယ်။
ဒီနှစ်ဆန်ထွက်နှုန်းကလည်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ
ထမင်းအစားနည်းလာကြပြီး မကြာသေးမီက စစ်တမ်းအရ တစ်ပတ်ကို ၉.၆
ကြိမ်သာစားတယ်လို့ သိရပါတယ်။ အစိုးရဟာ ထမင်းစားသုံးမှုမြင့်တက်လာစေဖို့
ဆန်အခြေခံကုန်ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ အခုအခါ ကြိုးစားနေပါတယ်။
အခုနောက်ဆုံးထုတ်လိုက်တာက
ဆန်ကိုအခြေခံပြုလုပ်ထားတဲ့ ပဲနီပါစတာဖြစ်ပါတယ်။ ရှေ့ပိုင်းတုန်းကတော့
ဆန်ပေါင်မုန့်နဲ့ ဆန်ခေါက်ဆွဲကို ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် လူတွေက
ဂျုံကနေလုပ်တဲ့ အဲဒီလိုအစားအသောက်တွေကို စားနေကျဖြစ်တာကြောင့် အကျင့်တွေကို
ပြောင်းလဲဖို့ ခက်နိုင်ပါတယ်။
လုပ်ငန်းအချက်အလက်တွေအရ
မနှစ်က ကိုရီးယားတွေဟာ ပေါင်မုန့်၊ အသားညှပ်ပေါင်မုန့်နဲ့
ဂျုံမုန့်တွေအတွက် မနှစ်က ၀မ် ၆.၃ ထရီလျံ (စင်ကာပူဒေါ်လာ ၇.၇၆ ဘီလျံ)ကျော်
သုံးစွဲခဲ့ပြီး နိုင်ငံရဲ့ တစ်ဦးချင်းဂျုံစားသုံးမှုဟာ ၃၃.၆ ကီလိုဂရမ်ထိ
မြင့်တက်ခဲ့ပါတယ်။ ဆန်စားသုံးမှုက ၆၅.၂ ကီလိုဂရမ်ဖြစ်ပါတယ်။
ဆန်စားသုံးမှုဟာ
၁၉၇၀ နောက်ပိုင်းမှာ လျော့ကျခဲ့ပြီး အနောက်တိုင်းရဲ့လွှမ်းမိုးမှုကြောင့်
လူတွေဟာ ပေါင်မုန့်နဲ့ ခေါက်ဆွဲလိုမျိုး
တခြားကာဘိုဟိုက်ဒရိတ်ရင်းမြစ်တွေကို ပိုမိုလက်ခံလာကြပါတယ်။
အိမ်ရှင်မ
ဂျန်ဆူး (၃၆ နှစ်)က သူ့မိသားစုဝင် ၄ ယောက်ဟာ မနက်စာအတွက် ပေါင်မုန့်
ဒါမှမဟုတ် ဒိန်ချဉ်စားကြပြီး နေ့လည်စာနဲ့ ညစာအတွက် ထမင်းနဲ့
ကောက်နှံအမျိုးမျိုးကို စားကြတယ်လို့ ပြောပါတယ်။
“လူတွေက
ကျန်းမာရေးကို ပိုစဉ်းစားလာပြီး ကစီဓာတ်တွေကို လျှော့လာတယ်၊ ထမင်းနေရာမှာ
အနှံပေါင်းစုံထည့်ပြီး အမျှင်တွေ၊ အာဟာရတွေကို ဖြည့်စွက်လာတယ်” လို့ သူက
သည်စထရိတ်တိုင်းမ်ကို ပြောပါတယ်။ “မနက်စာအတွက်ကတော့ လူတွေက ပေါင်မုန့်လို၊
ကွေကာအုတ်လို လွယ်လွယ်ရတာတွေပဲ စားကြတယ်”
ဝယ်လိုအားလျော့ကျလာပေမယ့်
စပါးစိုက်တောင်သူတွေဟာ ဆန်စပါးကို လျှော့မစိုက်ကြပါဘူး။ အကြောင်းရင်းကတော့
ဆန်စပါးကုန်သွယ်မှုဟာ အကာအကွယ်ကြီးကြီးမားမားပေးထားတဲ့လုပ်ငန်းဖြစ်ပြီး
အစိုးရက ဈေးနှုန်းတည်ငြိမ်အောင်လို့ လယ်သမားတွေကို
မကြာခဏထောက်ပံ့ကြေးပေးတာ၊ ပိုလျှံနေတဲ့ဆန်တွေကို ၀ယ်တာတွေလုပ်လေ့ရှိပါတယ်။
ဆန်စပါးဟာ
တရုတ်နဲ့ နယူးဇီလန်အပါအ၀င် နိုင်ငံတွေနဲ့
လွတ်လပ်စွာကုန်သွယ်ခွင့်ထဲမှာလည်း မပါပါဘူး။ ဥပမာအားဖြင့် ဒီနှစ်မှာ
အစိုးရဟာ ဆန်တန်ချိန် ၂ သိန်းဝယ်ယူဖို့ အစောပိုင်းက ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့် ဆန်ပိုလျှံမှုနဲ့ ဆန်ဈေးနှုန်းကျမှာကို
လယ်သမားတွေကြားစိုးရိမ်ပူပန်နေတာကြောင့် အဓိကနိုင်ငံရေးပါတီတွေက အစိုးရကို
ဆန်တန်ချိန် တစ်သိန်းခွဲကနေ နှစ်သိန်းထိ ၀ယ်ဖို့ အဆိုပြုခဲ့ပါတယ်။
ဒါပေမယ့်
အစိုးရက ဆန်ဝယ်ယူလေလေ သိုလှောင်စရိတ်မြင့်မားလေဖြစ်ပါတယ်။ အောက်တိုဘာလမှာ
ဂိုဒေါင်တွေမှာသိမ်းဆည်းထားတဲ့ ဆန်တန်ချိန် ၁.၃၆ သန်းရှိပြီး
သတ်မှတ်တန်ချိန် ၈ သိန်းထက် အများကြီးကျော်လွန်နေပါတယ်။ ဆန်တစ်တန်အတွက်
သိုလှောင်ခက တစ်နှစ်ကို အခွန်ငွေ ၃.၆ ဘီလျံ ၀မ်ရှိကြောင်း
လုပ်ငန်းအချက်အလက်တွေအရ သိရပါတယ်။
အစိုးရက
ကာကွယ်ထားတဲ့ဆန်စပါးကဏ္ဍကို ဖွင့်လှစ်ပေးဖို့နဲ့ ဈေးကွက်စီးပွားရေးအတိုင်း
သွားခွင့်ပြုဖို့ တိုက်တွန်းမှုတွေ ရှိနေပြီး ကိုရီးယားဟာရဲသတင်းစာက
“ရောင်းဖို့ အသာထားလို့၊ သိမ်းဆည်းဖို့တောင် နေရာမရှိတဲ့ အရာတစ်ခုကို
ဆက်လက်ထုတ်လုပ်နေတာဟာ ရယ်စရာကောင်းတဲ့အတွက်” အစိုးရဟာ ဆန်ဈေးတွေကို
ထိန်းချုပ်နေတာကို ရပ်နားသင့်တယ်လို့ ရေးသားခဲ့ပါတယ်။
အမတ်တချို့နဲ့
လယ်သမားတွေကလည်း မြောက်ကိုရီးယားကို လူသားချင်းစာနာမှုအကူအညီအနေနဲ့
ဆန်အပို တန် ၄ သိန်းပေးအပ်တာကို ပြန်စတင်ဖို့ အစိုးရကို
တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီလိုပေးအပ်တာကို ၂၀၀၀ ခုနှစ်က နေခြည်ဖြာမူဝါဒအရ
စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဆက်ဆံရေးတင်းမာတဲ့နောက်ပိုင်း ရပ်နားခဲ့ပါတယ်။
(ဒီဇင်ဘာ ၁ ထုတ် ကုမုဒြာဂျာနယ်တွင် ဖော်ပြထားသော အာရှသတင်းဖြစ်ပါသည်)
ဘာသာပြန် - စုပြည့်စုံ
Ref: The Straits Times , Soshiok, Nov 28th
Kumudra
No comments:
Post a Comment