Sunday, 17 May 2015

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦးသည် မေလ ၁၃ ရက်နေ့၌ တောင်ယာလုပ်ကိုင် နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံ မှ သတင်းရရှိသည်။

“သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ KIA ကဖမ်းသွားပြီး ငွေနဲ့လာရွေးခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန် တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

“ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာ လုပ်စားတာကို အခုလိုဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခ ရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှ လည်း အကူအညီမတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၃ ဦးမှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန်တို့ဖြစ်ကြပြီး မေလ ၁၄ ရက်နေ့ တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့မှ ငွေကျပ် ၁၅ သိန်းဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

“ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင်ထား တာကို မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ ဆဒုံးဒေသမှာ ကျောင်းသားကလေးတွေကို လူသစ်ဖမ်းလိုက် ၊ ငွေတောင်းပြီးပြန်လွှတ်လိုက် အမြဲလုပ်နေတယ်၊ တချို့ဆို KIA စစ်သား လုပ်နေရတယ်၊ မရှိဆင်းရဲသား ဒေသခံပြည်သူ တွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့ အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ် ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်ခေါ်ယူခဲ့သူ တစ်ဦးမှလည်း ပြောကြားသွားပါသည်။

ဇော်မိုင်
Kachin Daily News 

No comments:

Post a Comment