Friday 24 April 2015

နေပြည်တော်ရှိ လယ်ယာမြေပြဿနာများ စာရင်းပြုစုပြီးပါက တစ်လ အတွင်း ဖြေရှင်းမည်ဟုဆို

နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိသည့် နေပြည်တော်ကောင်စီ နယ်မြေတွင် ဖြစ်ပွား နေသည့် လယ်ယာမြေပြဿနာများကို စာရင်းကောက်ယူပြီး တစ်လအတွင်း ဖြေရှင်းမည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြေစာရင်း ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ လယ်ယာမြေများကို မည်ကဲ့သို့ လျော်ကြေး ပေးခဲ့သည်၊ မည်ကဲ့သို့ ပေးခဲ့ကြသည်၊ ကျေနပ်မှုရှိ၊ မရှိစသည်တို့ကို စာရင်းကောက်ယူနေသည်ဟု ၎င်းတို့က ပြောသည်။

လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက ‘‘ဒီ ပြည်ထောင်စုလွှတ်တော်က (လယ် ယာမြေ) စိစစ်ရေးအဖွဲ့နဲ့ နေပြည်တော်ကောင်စီ မြေစာရင်းတို့၊ ထွေအုပ်တို့က နေ စာရင်းတောင်းခိုင်း ထားတယ်၊ သူတို့ဆီက ရတာနဲ့ တစ်လအတွင်း အပြတ်လုပ်မယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြား သည်။

လယ်ယာမြေ ကိစ္စစာရင်းများကို လာမည့် ရက်သတ္တပတ်အတွင်း တောင်းယူသွားမည်ဟုလည်း ဦးဌေးဝင်း က ဆက်လက်ပြောကြားသည်။ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နေပြည်တော်ကောင်စီနယ်မြေရှိ လယ်ယာမြေပြဿနာများကို အစိုးရအနေဖြင့် မြေယာအစားထိုးပေးမည့် အခြေအနေမရှိဘဲ လျော်ကြေးသာပေးနိုင်မည့် အခြေအနေရှိသည်ဟု ဆိုသည်။

၎င်းက ‘‘၂၀၁၄ -၁၅ မှာ ကျွန်မရဲ့ ဇမ္ဗူသီရိနယ်မြေမှာ သူတို့လျော်ကြေးပေးဖို့ တောင်းထားတဲ့ထဲက ကျောက်မျက်ကွင်းက သိမ်းထားတဲ့ လယ်သမားအချို့ကို လျော်ကြေးပေးတယ်၊ ဘယ်လောက်ပေးလဲ၊ အရေ အတွက် ဘယ်လောက်လဲဆိုတာ မသိရသေးဘူး’’ ဟု ဆိုသည်။

ဒေါ်စန္ဒာမင်းက မြေယာလျော်ကြေးကိစ္စများကို နေပြည်တော်ကောင်စီ မြေစာရင်း ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ သို့ တောင်းခံထားပြီး ဖြေရှင်းနိုင်မှု အခြေအနေများကို သိရှိနိုင်မည်ဟု ဆိုသည်။

ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းကမူ လယ်ယာမြေပြဿနာများ ဖြေရှင်းရေးအတွက် လုပ်ဆောင်မှုများသည် အားနည်းနေပြီး ၎င်း၏ မဲဆန္ဒနယ် ဒက္ခိဏသီရိမြို့တွင် ပိုမို ဆိုးရွား သည်ဟု ပြောသည်။

၎င်းက ‘‘ပြဿနာတွေ မဖြေရှင်းနိုင်သေးတဲ့အတွက် တောင်သူတွေကို တရားစွဲတာတွေပါ ဖြစ်နေပါတယ်၊ တစ်လအတွင်းဆိုတာ မဖြစ်နိုင်ဘူးထင်တယ်’’ ဟု ဆိုသည်။

၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၈၄ နှစ်ရှိ အမျိုးသမီးကြီးအား စည်ပင် တရားရုံးမှ တရားစွဲဆို ထောင်ချသည့် ဖြစ်ရပ် များလည်း ဖြစ်ပွားခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment