Monday 2 March 2015

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း စီးဆင်းနေသော ခုနစ်နှစ်ကျော်ကြာ တိမ်ကောခဲ့သည့် ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း မတ်လကုန် ပြီးစီးမည်

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း ဖြတ်သန်းစီးဆင်းသော ခုနစ်နှစ်ကျော်ကြာ တိမ်ကောခဲ့သည့် ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီး မဲဇလီ ဒလကျေးရွာမှ လှိုင်မြစ်ဝအထိ အရှည် ၃၄ မိုင်ရှိပြီး လွန်ခဲ့သည့် ခုနစ်နှစ်ကျော်ကတည်းက တိမ်ကောခဲ့ခြင်းဖြစ်ကာ နောင်နှစ်အနည်းငယ်အတွင်း လုံးဝပျောက်ကွယ်တော့မည့် အခြေအနေကြောင့် ပြန်လည်တူးဖော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ဆည်မြောင်း ဦးစီးဌာန(ရန်ကုန်)က ကြီးကြပ်၍ ပြည်တွင်းကုမ္ပဏီ နှစ်ခုဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ စက်ယန္တရား ၃၃၄ စီးဖြင့် တူးဖော် နေခြင်းဖြစ်ပြီး  ကျပ် ၂၂ ဒသမ ၅ ဘီလျံ အကုန်အကျခံ ပြုလုပ်နေကြောင်း သိရသည်။

ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သာမကဘဲ ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများပါ မြစ်ထွက်ပေါက် တစ်ခုရရှိမည်ဖြစ်ပြီး လယ်မြေဧက ပေါင်း ၅ဝဝဝဝ ခန့် ရေကြီးနစ်မြုပ်မှုမှ သက်သာသွားမည် ဖြစ်ကြောင်းနှင့် ဒေသခံတစ်သိန်းခန့် ယင်းမြစ်ကြောင်းကို အခြေပြု၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေနိုင်သည့်အပြင် ဒေသခံများ ရေချိုရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ပြီးပါက ပန်းလှိုင်မြစ်ကြောင့် ဝန်းကျင်ရှိ ကျားသစ်ကျွန်း၊ ညောင်တုန်းကျွန်း စသည်တို့တွင် ရေကြီးနစ်မြုပ်မှုဘေးမှ ကင်းဝေးသွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်အောင်၊ ဟင်္သာတ၊  အဖျောက်၊ ဆကာကြီး၊ ဓနုဖြူ၊ ညောင်တုန်းမြို့နယ်များမှ ရန်ကုန်မြို့သို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရာတွင် လှိုင်မြစ်ဝမှ ရေငန်များ မဝင်ရောက်နိုင်စေရေးအတွက် နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အကူအညီဖြင့် ခေတ်မီရေထိန်းတံခါး တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့ရှိ ငမိုးရိပ်ချောင်း၏ တိမ်ကောနေသည့် အရှည်ပေ ၃ဝဝဝဝ ကျော်ကိုလည်း ပြန်လည်တူးဖော် ဆယ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။    

ဧရာဝတီ

No comments:

Post a Comment