Monday 2 February 2015

နိုင်ငံတကာဈေးနှုန်း လျော့ကျလာခြင်းကြောင့် မြန်မာ့ပေါင်းဆန် တင်ပို့မှု အနည်းငယ် ကျဆင်းနိုင်

ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာမြေတစ်ခု၌ ထွက်ရှိလာသောစပါးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံမှ ပေါင်းဆန်ကို ၂၀၁၁ ခုနှစ်တွင် ပြည်ပသို့ စတင်တင်ပို့နိုင်ခဲ့ပြီး နှစ်စဉ် ပေါင်းဆန် တန်ချိန် သုံးသောင်းကျော်ခန့် တင်ပို့လျက်ရှိသည်။
ကမ္ဘာ့ပေါင်း ဆန်ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ဈေးနှုန်းကျဆင်းနေသဖြင့် မြန်မာ့ပေါင်းဆန် တင်ပို့မှု အပိုင်း၌ အနည်းငယ် ကျဆင်းနေမည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ပေါင်းဆန် ဈေးကွက်အတွင်း အဓိကဝယ်လိုအား အများဆုံးဖြစ်သည့် ရုရှနိုင်ငံသည် လက်ရှိတွင် ဝယ်လိုအားကျဆင်း နေသည့် အပြင် ပေါင်းဆန်ဈေးနှုန်းများမှာလည်း ကျဆင်းလျက်ရှိသည်။ ဇန်နဝါရီ ၃ဝ ရက်က ဆန်စက်အသင်းတွင် ပြုလုပ်သော မြန်မာ့ဆန်စက်ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China CAMC Enginnering ကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းလုပ်ကိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းပွဲတွင် ပြောသည်။

၎င်းက ''ပေါင်းဆန်ဈေးကွက် တော်တော်ကျနေတယ်။ ဝယ်လိုအားအပိုင်းမှာ ကျဆင်းလာတော့ ဈေးနှုန်း အပိုင်းမှာလည်း ကျဆင်းလာတယ်။ ဈေးတွေကျတော့ မြန်မာကလည်း အားစိုက်ပြီးတင်ပို့တာမျိုး မလုပ်ဖြစ် တော့ဘူး။ အဲဒီတော့ ဒီနှစ်ကို တန်ချိန်သုံးသောင်းဝန်းကျင်လောက်ပဲ ပို့နိုင်တော့မယ်''ဟု ပြောသည်။

လက်ရှိတွင် ပေါင်းဆန်တင်ပို့လျက် ရှိသည့်နိုင်ငံများအနက် ထိုင်းနိုင်ငံသည် ပေါင်းဆန်တစ်တန်ကို ကန်ဒေါ်လာ ၄ဝဝ ဝန်းကျင်ဈေးဖြင့် ရောင်းချလျက်ရှိသည်။ ထို့အတူ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ ၃၈ဝ ကျော် နှင့် ပါကစ္စတန်နိုင်ငံတွင် ကန်ဒေါ်လာ ၄ဝဝ နှင့် ၄၁၅ ဒေါ်လာဝန်းကျင် ဈေးများဖြင့် ရောင်းချနေသဖြင့် မြန်မာနိုင်ငံတွင် အခက်အခဲရှိနေသည်ဟု ဆိုသည်။

ဆက်လက်၍ ဦးသောင်းဝင်းက ''မြန်မာအနေနဲ့က တချို့အီးယူ ဈေးကွက်ရှိတဲ့ သူတွေဆိုရင် တစ်တန်ကို ဒေါ်လာ ၄၅ဝ ဝန်းကျင်လောက်နဲ့ ရောင်းနေရတယ်။ အများနဲ့ ဈေးကွက်ယှဉ်ဖို့ဆိုရင် ဈေးနှုန်းပိုင်းလည်း ယှဉ်နိုင်ဖို့လိုတယ်။ မြန်မာရဲ့ သင်္ဘောတန် ဆာခက အရမ်းဈေးကြီးတော့ အဲဒီအပိုင်းမှာ အခက်တွေ့နေ တာ''ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပေါင်းဆန်များကို ၂ဝ၁၁ ခုနှစ်က စတင်ကာ တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၅၆ဝ ကျော် အထိ ဈေးများရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂ဝ၁၂ နှင့် ၂ဝ၁၃ နှစ်ကုန်ပိုင်းအထိ ဒေါ်လာ ၅ဝဝ ဝန်းကျင်ဈေးများဖြင့် တည်ငြိမ်ကာ လက်ရှိကာလတွင် ဒေါ်လာ ၄ဝဝ နှင့် ၄၅ဝ ဝန်းကျင်ဈေးများ ဖြင့်သာ တင်ပို့နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်ဆန်များသည် အရည်အသွေးနိမ့်နေသဖြင့် ပေါင်းဆန်ထုတ်လုပ် ရာတွင် ဆန်အဝါများနှင့် အကျိုးအကြေများကို ဖယ်ရှားရသည့်ပမာဏ များလွန်းသဖြင့် ပေါင်းဆန်ထုတ် လုပ်တင်ပို့မှုပိုင်းကို အကျိုးအမြတ်အားဖြင့် တွက်ချေကိုက်မှု နည်းနေဆဲဖြစ်သည်။

မြန်မာနိုင်ငံမှ ပေါင်းဆန်များကို စတင် တင်ပို့နိုင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ငါးနှစ်ဝန်းကျင်အ တွင်း ပေါင်းဆန်စက် တည်ထားသည့် ဆန်စက်အရေအတွက် ၂ဝ ခန့်အထိ တိုးလာခဲ့သည်ဟုဆိုသည်။ ၂ဝ၁၁ ခုနှစ်မှစတင်ကာ နှစ်စဉ်ပေါင်းဆန် တန်ချိန်သုံးသောင်းကျော် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment