အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင် အား နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခွဲက တွေ့ရစဉ်
အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင် တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က အတည်ပြုပြောကြားသည်။
အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့ သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။
"စားသောက်ဆိုင်မှာ အနုကြမ်းစီးမှုဖြစ်ပွားတာပါ။ ငွေနဲ့ရွှေတွေပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေ ကိုတော့ လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်" ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခန့်က ပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြား စားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း ယင်း ပတ်ဝန်းကျင် အနီး နေထိုင်သူများထံမှ သိရသည်။
အနုကြမ်းစီးမှုအားကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်အထိ ဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါအနုကြမ်းစီးမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို လုယက်မှုအဖြစ် (ပ) ၁၁၄၂/၂၀၁၄ ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မ ရဲစခန်းမှ သိရသည်။
Eleven Media Group
No comments:
Post a Comment