Sunday, 19 October 2014

သင်္ခါရကို အလှခြယ်သူ

အအေးခန်းဟူသည့် ဆိုင်းဘုတ်အစိမ်းရောင်၏ အောက်တွင် အစိမ်းရောင် သံတံခါးနှစ်ချပ် ရှိသည်။ အစိမ်းရောင် သံတံခါးများပေါ်တွင်တော့ “တာဝန်မှအပ မဝင်ရ” ဟူသော စာတန်းနှင့် အလောင်းထုတ်ရန် နှစ်ဦးသာ ဝင်ခွင့်ပြုသည်ဆိုသည့် စာတန်းကို ရေးထိုးထားသည်။
ယင်းတံခါးနှစ်ချပ်၏ အနောက်ဘက် ကပ်လျက် အခန်းကျယ်၏ထိပ်တွင် ခုံတစ်လုံးနှင့်အတူ စည်ပင်ယူနီဖောင်းကို ဝတ်ထားသည့် အအေးခန်းကြီးကြပ်သူ တစ်ယောက် စာအုပ်တစ်အုပ်နှင့် အလုပ် ရှုပ်နေသည်။ သူနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် နာမည်မျိုးစုံ ရေးထိုးထားသည့် သစ်သား အခေါင်းအချို့၊ မှန်ခေါင်းတလား အချို့ကို အပုံလိုက် ထပ်တင်ထားသည်။ ခေါင်းတလားများဘေးတွင် အလောင်းတင်သည့် ဆေးရုံသုံး တွန်းလှည်းသုံးခု ရှိနေသည်။ ဆေးရုံသုံး တွန်းလှည်းများ၏ ညာဘက်အခြမ်း တွင်တော့ “မ၀င်ရ” ဟူသည့် နောက်ထပ် ဆိုင်းဘုတ်တစ်ခုနှင့် ပိတ်ထားသော အခန်းငယ်တစ်ခု ရှိနေပြန်သည်။

“ဦး. . . ဘော်ဒီနံပါတ်(၁၁)” ဟု အအေးခန်းကြီးကြပ်သူက ကွယ်လွန်သူတစ်ဦး၏ အမည်နှင့် ဘော်ဒီနံပါတ်ကို ခေါ်လိုက်သည်နှင့် ပြင်ပမှ အလောင်းပိုင်ရှင် နှစ်ဦးက အဝတ်အစားထုပ် တစ်ထုပ် ကိုင်ကာ အခန်းတွင်း ဝင်ရောက်လာသည်။ ထို့နောက် တံခါးပိတ်ထားသော အခန်းအတွင်းမှ ထုတ်ယူလာမည့် ရုပ်အလောင်းကို မတ်တတ်ရပ် စောင့်နေကြသည်။
တံခါးပိတ်ထားသော အခန်းအတွင်း တွင်တော့ ကိုဇော်ထွန်းတို့လူစု အလုပ်ရှုပ်နေကြသည်။ တံခါးပိတ်ထားသည့် အခန်း၏ ညာဘက်အခြမ်းတွင် ရေချိုးခန်းဟု ရေးထားသော နောက်ထပ် အခန်းငယ်တစ်ခု ရှိသည်။ လူငယ်တစ်ဦးက ရေခဲတိုက်နှင့် ရေချိုးခန်းအကြား ဆက်သွယ်ထားသော ကော်ရစ်တာအတိုင်း အလောင်းတင်ထားသည့် တွန်းလှည်းကို တကျွိကျွိမြည်လျက် တွန်းလာသည်။
ကိုဇော်ထွန်းနှင့် လုပ်ဖော်ကိုင်ဖက် နှစ်ဦးတို့က တွန်းလှည်းပေါ်မှ အသက် ၄၀ အရွယ် အမျိုးသား၏ ရုပ်ကလာပ်ကို ရေချိုးခန်း ကျောက်ခုံပေါ်သို့ မ,တင်လိုက်ကြသည်။ ထို့နောက် ရေဘေစင်နှင့် ဆက်သွယ်ထားသော ရေပန်းကို လှည့်ဖွင့်ကာ ဖြူရော် အေးစက်နေသည့် ရုပ်အလောင်းကို ကိုဇော်ထွန်းတို့ ရေချိုး သန့်စင်ပေးကြတော့သည်။
“အအေးတိုက်ထဲမှာက သေသေချင်း ထည့်ထားလိုက်တော့ ဆေးနံ့တွေ၊ သွေးနံ့တွေနဲ့ အလောင်းမှာ စွဲနေတတ်တယ်။ ပြီးတော့ မာတောင့်နေတဲ့ အလောင်းတွေကို အဝတ်အစား လဲမပေးခင် ရေလောင်းပြီး နည်းနည်း ပျော့ပျောင်းလာအောင် လုပ်ပေးရတယ်ဗျ။ နို့မို အဝတ်အစား ဝတ်တဲ့အခါ မလွယ်ဘူးဟု ရေဝေးသုသာန် အအေးခန်းမှ စည်ပင်သာယာ လုပ်သားတစ်ဦးဖြစ်သူ ကိုဇော်ထွန်းက ရှင်းပြသည်။
ရေချိုးသန့်စင်ပြီး ရုပ်အလောင်းကို ပိတ်စအဖြူဖြင့် မ၍ ရေချိုးခန်း၏ ရှေ့တည့်တည့်ရှိ အခန်းတစ်ခုသို့ ထပ်မံ သယ်ဆောင်သွားသည်။ ယင်းအခန်းတွင်မူ ဝတ်စုံပြာဝတ် ကြီးကြပ်သူတစ်ဦးက စားပွဲခုံတစ်လုံး စာအုပ်တစ်အုပ်ဖြင့် ထိုင်နေသည်။ အပြင်ခန်းတွင် ရပ်နေသော အလောင်းရှင်တစ်ဦးကို အတွင်းသို့ ခေါ်လိုက်ကာ ရုပ်အလောင်းနှင့် နာမည်တိုက်၍ စစ်ဆေးပြီး အတည်ပြုစေသည်။ ယင်းနောက် အလောင်းပိုင်ရှင်နှင့်အတူ ပါလာသော အဝတ်အစားထုပ်ကို ကိုဇော်ထွန်းတို့လက်သို့ အပ်လိုက်လေသည်။
ကိုဇော်ထွန်းက အလောင်းကို ကျွမ်းကျင်စွာ ကိုင်တွယ်၍ ပုဆိုးနှင့် အင်္ကျီတို့ကို ဝတ်ပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ နောက်ဆုံး ခရီးလေးမှာ လှလှပပကြီး မဖြစ်နိုင်တောင်မှ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် စေတနာပါပါ လုပ်ပေးလိုက်တယ်။ ဒါ ကုသိုလ်ပဲလေ” ဟု ကိုဇော်ထွန်းက ပြောရင်း အလောင်းတွင် ဝတ်ထားသော အင်္ကျီအဖြူရောင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြယ်သီးများတပ်ပေးပြီး ပုဆိုးကိုလည်း သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်ပေးလိုက်သည်။
ဘဝတစ်ပါးကို ခရီးသွားတော့မည် ဖြစ်သော ထာဝရခရီးသွား အမျိုးသားကတော့ ဘာဆိုဘာမှ မသိရှာတော့။ ကိုထွန်းဇော် ပြုသမျှနုရမည့် အနေအထား။ ခွန်းတုံ့ပြန် ငြင်းဆန်ခြင်းက အလျှင်းမရှိ။ ပကတိ အေးစက်စက်။
“ပါးစပ် ဟနေတာတို့၊ မျက်လုံး ပွင့်နေတာတို့မျိုး ဖြစ်မနေအောင် သတိထားရပါတယ်။ မျက်နှာကို ပြုံးပြုံးလေးဖြစ်အောင် ပါးအောက်နားက အကြောလေးတွေကို အားနည်းနည်းထည့်ပြီး အပေါ် ဘက်ကို ဆွဲပေးရပါတယ်။ ကြာလာတော့လည်း ကျွမ်းကျင်လာတာပေါ့” ဟု ကိုဇော်ထွန်း၏ လုပ်ဖော်ကိုင်ဖက် အသက် ၂၄ နှစ်အရွယ် ကိုရန်လင်းကျော်က ပြောပြနေသည်။
အဝတ်အစားများ ဝတ်ပေးပြီးသွားပြီ ဖြစ်သော ရုပ်အလောင်းကို အောက်ခံ ပိတ်ဖြူစဖြင့် မ,ကာ တွန်းလှည်းပေါ် တင်လိုက်ကြပြန်သည်။ ကိုရန်လင်းကျော်က တွန်းပြီး ကိုဇော်ထွန်းက ဘေးမှလိုက်သွားသည်။
အပြင်ဘက်အခန်းရှိ တွန်းလှည်း ပေါ်တွင်မူ မှန်အခေါင်းတလားတစ်ခုက အသင့်ရှိနေသည်။ အလောင်းပိုင်ရှင်နှစ်ဦးနှင့် ကိုဇော်ထွန်းတို့ စကားပြောကြပြီးနောက် ကိုဇော်ထွန်းက ပိတ်ဖြူစတစ်စကို မှန်အခေါင်းတစ်လား အတွင်း သပ်သပ်ရပ်ရပ် ခင်းလိုက်ကာ အလောင်းကို အသာအယာမ၍ မှန်အခေါင်းတွင်းသို့ ထည့်လိုက်သည်။
မှန်အခေါင်း၏ အရှေ့ဘက်ရှိ ခုံတန်းပေါ်တွင်တော့ နှင်းဆီပန်း၊ မေမြို့ပန်း၊ စံပယ်ပန်းများကို လင်ဗန်းတစ်ခုဖြင့် ထည့်ထားသည်။ အလောင်းပိုင်ရှင် နှစ်ဦးနှင့် ကိုရန်လင်းကျော်တို့က ပန်းများကို အညှာခြွေ ကြသည်။ အညှာခြွေပြီးသော ပန်းပွင့်လေးများကို ကိုဇော်ထွန်းက မှန်အခေါင်းအတွင်းရှိ အလောင်းဘေးတွင် တစ်ပွင့်ချင်းစီ လိုက်လံ စီထည့်နေသည်။
ကိုဇော်ထွန်းက မေမြို့ပန်းများနှင့် စံပယ်ပန်းများကို အလောင်း၏ ဘေးပတ်လည်တွင် ထည့်သည်။ ယင်းနောက် အင်္ကျီတစ်ထည်နှင့် ပုဆိုးတစ်ထည်ကို အလောင်းပေါ်တွင် လွှမ်းလိုက်၏။ နှင်းဆီပန်းများ ကိုတော့ အလောင်း၏ အပေါ်တွင် ခပ်ဖွဖွလေး ကြဲဖြန့်လိုက်သည်။ ယင်းနောက် ကိုဇော်ထွန်းက ရုပ်အလောင်း၏ ရင်ဘတ်ပေါ်မှ လက်နှစ်ဖက်ကို အသာဖြန့်၍ ခရမ်းရောင် သစ်ခွပန်းခက်ကလေး ဆုပ်ကိုင်ထားသည့်အလား ထည့်ပေးလိုက်ပြန်သည်။
“အမျိုးသမီးဆိုရင်တော့ နှင်းဆီပန်း များများ သုံးပေးလိုက်ပါတယ်။ တမင်တကာ အနုပညာဆန်ဆန်ကြီး မဟုတ်တောင်မှ ပန်းတွေက ဝမ်းနည်းနေကြတဲ့ လူတွေရဲ့ စိတ်ကို နည်းနည်းတော့ ပြေစေမယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ ကွယ်လွန်သူ အတွက်လည်း သူ့နောက်ဆုံးခရီးကို ပန်းတွေကြားမှာ ဖြတ်သန်းရတာပေါ့” ဟု မောင်စိန်ဝင်း(ပုတီးကုန်း)၏ ဝတ္ထုများကို ကြိုက်နှစ်သက်သည် ဆိုသော ကိုဇော်ထွန်းက ကဗျာဆန်ဆန် ဆိုလာပြန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သုဿန်ပေါင်း ရှစ်ခုခန့် ရှိသည့်အနက် ရေဝေးသုသာန်သည် ရုပ်အလောင်းအများဆုံး လက်ခံသင်္ဂြိုဟ်ပေးရသည့် နေရာတစ်ခု ဖြစ်သည်။ နေ့စဉ်နှင့်အမျှ အသက်ကင်းမဲ့သည့် ရုပ်အလောင်းပေါင်း များစွာကို ကိုင်တွယ်ပြင်ဆင်ပေး ခဲ့ရသည့် ရေဝေးသုသာန်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသားဖြူဖြူ၊ အရပ်မြင့်မြင့်ဖြင့် အသက် ၂၇ နှစ်အရွယ် ကိုဇော်ထွန်းကတော့ သူ့လုပ်ငန်းခွင်အတွင်း အမြဲတမ်း တက်ကြွဖျတ်လတ်နေသည်။
“အသက်ရှိတာနဲ့ အသက် မရှိတော့တာ တစ်ခုပဲ ကွာတာပဲလေ။ ကြာတော့ ဘော်ဒီတွေ ဘယ်လောက်ကိုင်ကိုင် စိတ်ထဲဘယ်လိုမှ မဖြစ်တော့ဘူး။ ဘာမှကို မခံစားရတာ။ ဒါ ကျွန်တော့်အလုပ်ပဲလေ” ဟု ကိုဇော်ထွန်းက ဆိုသည်။
ကိုဇော်ထွန်းသည် လူတိုင်း ကိုင်တွယ်ရန် ဝန်လေးသည့် အသက်မဲ့ခန္ဓာကိုယ် များကို နေ့စဉ်နှင့်အမျှ ကိုယ်တွယ် အလှဆင်ပေးနေရသော်လည်း သူ့ပုံစံက သက်တောင့်သက်သာပင်။
အသက် ၂၁ နှစ်အရွယ်က နေ့စားဝန်ထမ်း ဘဝဖြင့် ရေဝေးသုသာန်တွင် အလုပ်စဝင်ခဲ့ပြီး သုံးနှစ်အကြာတွင် လခစားဝန်ထမ်း ဘဝကို ရောက်ရှိခဲ့သည်။ အလုပ်ဝင်စက အလောင်း အထုတ်အသွင်း၊ အလောင်းလှည်းတွန်းသည့် အလုပ်များကို စတင်တာဝန်ယူခဲ့ရသည်။
ယခုတော့ အလောင်းရေချိုး အလှပြင်ပေးသည့် အလုပ်သို့ အဆင့်တိုး လုပ်ကိုင်ခွင့် ရလာပြီဟု ကိုဇော်ထွန်းက ပြောပြသည်။ ကိုဇော်ထွန်း၏ စည်ပင်ဝန်ထမ်း လစာသည် ကျပ်တစ်သိန်းကျော်ခန့် ရရှိပြီး အသုဘရှင်များ၏ စေတနာအလျောက် ပေးကမ်းသည့် မုန့်ဖိုးများနှင့် ပေါင်းလျှင် ၎င်း၏ တစ်လပျမ်းမျှဝင်ငွေသည် ကျပ်နှစ်သိန်းဝန်းကျင်ခန့် ရရှိနေပြီဖြစ်သည်။
“ဒီအလုပ်က မျိုးရိုးလည်းမရှိပါဘူး။ ကျွန်တော်က ဒီနားကရပ်ကွက်မှာ နေတာ။ ဆယ်တန်းကလည်း မအောင်၊ ဒီမှာ နေရာလွတ်ရှိတယ်လို့ တာဝန်ခံ တစ်ယောက်က ပြောတာနဲ့ ဝင်လုပ်ဖြစ်သွားတာ” ဟု ယခုအလုပ်ကို လုပ်ကိုင်ဖြစ်ခဲ့ပုံနှင့် ပတ်သက်၍ ကိုဇော်ထွန်း ရှင်းပြနေသည်။
ကိုဇော်ထွန်းတစ်ယောက် သက်မဲ့ရုပ်ခန္ဓာကို ပန်းတို့ဖြင့် အလှဆင်ပြီးနောက် မျက်နှာကို အလှဆင်ရတော့မည် ဖြစ်သည့်အတွက် တရုတ်နိုင်ငံထုတ် မိတ်ကပ်အရည် တစ်ဘူး၊ ပေါင်ဒါဘူးနှင့် တို့ဖတ်တို့ကို ထုတ်ယူလာသည်။
“သေပြီးသား လူတစ်ယောက်လေဗျာ။ အရမ်းလှအောင်တော့ ဘယ်ပြင်လို့ရမလဲ။ ပြီးတော့ ကျွန်တော်တို့က အလှပြင်သင်တန်း တက်ထားတာမှ မဟုတ်တာ။ ကြည့်လို့ အဆင်ပြေအောင်ပဲ လုပ်ပေးရတာပေါ့” ဟု ကိုဇော်ထွန်းက ဆိုသည်။
သူ့လုပ်သက်အတွင်း အမျိုးသမီးငယ်များ၏ အလောင်းများကိုလည်း ပြင်ဆင်ပေးခဲ့ရပြီး အချို့ အလောင်းရှင်များက ကိုယ်တိုင် အလှပြင်ပေးရန် တောင်းဆိုသောကြောင့် ခွင့်ပြုပေး ခဲ့ရသည်ကိုလည်း ကြုံဖူးကြောင်း ကိုဇော်ထွန်းထံမှ သိရသည်။
“အမျိုးသမီးဆိုရင်တော့ နှုတ်ခမ်းနီတို့ ဘာတို့နဲ့ ပိုအလုပ်ရှုပ်တာပေါ့ဗျာ။ စိတ်လည်းရှည်ရတယ်။ ဒါပေမဲ့ အချို့ အသက်သိပ်ကြီးတဲ့ အလောင်းတွေတော့ မိတ်ကပ်တွေ မဖို့တော့ပါဘူး။ အသက် အရမ်းအိုမင်းနေတဲ့ အသားအရေပေါ် မိတ်ကပ်သွားတင်လိုက်ရင် အရမ်းကြည့်ရ ဆိုးသွားတတ်တယ်။ ပြီးတော့ ယောက်ျားကြီးတွေ ဆိုရင်လည်း သိပ်ပြီး ဖွေးဥအောင် လိမ်းပေးလို့ မဖြစ်ဘူး။ ပြာနှမ်းပြီး ကြည့်ရဆိုးသွားတယ်” ဟု ကိုဇော်ထွန်းက သူ့အတွေ့အကြုံကို ပြောပြနေသည်။
အတွေ့အကြုံအရ အလှ မပြင်ပေးသင့်သည့် အလောင်းများကို အလောင်းပိုင်ရှင် များက ပြင်ပေးရန် တောင်းဆိုလာမှုများ မကြာခဏ ကြုံတွေ့လာသဖြင့် ယခုလို အမြဲ ရှင်းပြရကြောင်းလည်း သူက ဖြည့်စွက်ပြောသည်။ ယခု ကိုဇော်ထွန်း ကိုင်တွယ်ရသည့် ရုပ်အလောင်းမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်သဖြင့် မိတ်ကပ်ကို ခပ်ဖွဖွသာ ရိုက်ပေးနေသည်။
နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ကိုဇော်ထွန်းတို့ ကဲ့သို့ စည်ပင်ဝန်ထမ်း အလောင်းအလှဆင်သူများ ရှိကဲ့သို့ စေတနာ့ဝန်ထမ်း အလောင်းအလှဆင်ပေးသူ များလည်း ပေါ်ပေါက်လာသည်။
စေတနာ့ဝန်ထမ်း အလောင်းအလှ ဆင်သူများအထဲမှ တစ်ယောက်ကတော့ ဗဟန်းမြို့နယ် နာရေးကူညီမှု အသင်းဝင် ရွှေဂုံတိုင်မြို့နယ်တွင် ဂျာနယ်ဖြန့်ချိရေး လုပ်ကိုင်သူ ကိုသက်ဇော်ဖြစ်သည်။
“အလောင်းတွေကို ပထမဆုံး ကိုင်ခဲ့ရတုန်းက ကြက်သီး နည်းနည်းထမိတယ်။ အသက်ထွက်ပြီး တစ်နာရီဆို လူခန္ဓာက အေးစက်သွားတော့ စထိမိချင်း လန့်သွားတယ်။ နောက်ပိုင်း နာဂစ်တို့ဘာတို့မှာ အများကြီးဆိုးတဲ့ ဘော်ဒီတွေ ကိုင်ခဲ့ပြီးတော့ ရိုးသွားတယ်” ဟု ၎င်း၏ ပထမဆုံး အတွေ့အကြုံကို ပြန်လည် ပြောပြနေသည်။
ကိုသက်ဇော်သည် နာရေးကိစ္စများ ကူညီလုပ်ကိုင်ပေးခဲ့ရာမှ အလောင်း အလှဆင်ရာတွင် သုဿန်ဝန်ထမ်းများကို ဝိုင်းဝန်းကူညီပေး ဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်း အလောင်းများကို ကိုယ်တိုင် အလှဆင် ဝင်လုပ်ပေးခဲ့သည်အထိ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ကိုသက်ဇော်တို့ စေတနာဝန်ထမ်း များမှာ တစ်ခါတစ်ရံမှသာ အလောင်းများကို ကိုင်တွယ်ရသော်လည်း ကိုဇော်ထွန်းတို့လို သုသာန်ဝန်ထမ်းများ အတွက်မူ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အလောင်းများကို ကိုင်တွယ်နေကြရသည်။
“ရွံတယ်ရှာတယ်ရယ်လည်း မရှိတော့ ပါဘူး။ ကိုယ့်လုပ်နေကျ ကိုင်နေကျ အလုပ်တစ်ခုကို လုပ်တယ်လို့ပဲ စိတ်ထဲ ဖြစ်မိတော့တယ်” ဟု အသက် ၃၀ အရွယ် မီးသင်္ဂြိုဟ်စက် ဝန်ထမ်းတစ်ဦးက ဆိုသည်။
ယခင်က သင်္ချိုင်းတွင် လုပ်ကိုင်သူများကို ခွဲခြားဆက်ဆံမှုများ၊ အထင်သေးမှုများ ရှိခဲ့သော်လည်း ကိုဇော်ထွန်းအတွက်တော့ ထူးပြီးမကြုံခဲ့ရ။
“အလုပ်ပြီးရင် ဒီနား ရပ်ကွက်တွေမှာ ကျွန်တော် ဘိလိယက်ထိုး။ လက်ဘက်ရည်ဆိုင် ထိုင်နေတာပဲ အပြင်က သူငယ်ချင်းတွေလည်း ရှိတာပဲ။ ဒီအလုပ် လုပ်တယ်ဆိုတာ အားလုံးသိတာပဲ။ ဒါပေမဲ့ ထူးထူးခြားခြားကြီး ခွဲခြားတာမျိုးတော့ မကြုံဖူးပါဘူး” ဟု ကိုဇော်ထွန်းက ဆိုသည်။
ပွင့်လင်းမြင်သာမှု အားကောင်းလာသည့် ဒီနေ့ခေတ်ဘက်တွင် အသုဘ ရုပ်အလောင်းကို ကိုင်တွယ် ပြင်ဆင်သူ ဖြစ်လာသည့် ကိုဇော်ထွန်းအတွက် လူ လူချင်း ခွဲခြားဆက်ဆံမှုမျိုးကို မကြုံတွေ့ ခဲ့ရသော်လည်း အသက် ၅၀ အရွယ် ဝါရင့် သုဿန်လုပ်သားကြီးတစ်ဦး ဖြစ်သူ ဦးဝင်းကမူ သူ့ဘဝ သက်တမ်းတစ်လျှောက် ဆိုးဆိုးရွားရွား ခွဲခြားမှုများ စဏ္ဍာလ ဆိုသည့် ရင့်သီးသည့် အသုံးအနှုန်းများနှင့် ပြောဆိုမှုများ ခံခဲ့ရဖူးကြောင်း ဖွင့်ဟသည်။
ကိုဇော်ထွန်းက သုသာန်အနီး ရပ်ကွက်ရှိ မိဘနေအိမ်တွင် နေထိုင်သော်လည်း ဦးဝင်းကမူ ပြင်ပတွင် ခွဲခြားဆက်ဆံမှု များကြောင့် လွန်ခဲ့သည့် ၁၂ ခန့်ကတည်းက ရေဝေးသုသာန်ဝင်း အတွင်း ဝန်ထမ်းအိမ်ရာတွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်ဟု ဆိုသည်။
“လက်ရှိဘဝကို ကျေနပ်လားဆိုတော့ မဖြေတတ်ဘူး။ ဒါပေမဲ့ ကျွန်တော့် အလုပ်ဟာ သမ္မာအာဇီဝ ဖြစ်တဲ့အတွက် ကျွန်တော်စားတဲ့ ထမင်းကို ကျွန်တော် လိပ်ပြာလုံတယ်” ဟု ကိုဇော်ထွန်းက တက်တက်ကြွကြွ ဆိုသည်။
အလောင်းများကို အလှဆင်ပေးရာတွင် ငွေကြေးသီးသန့် တောင်းခံခြင်းမျိုး မရှိဘဲ တစ်ခါတစ်ရံ ကာယကံရှင် မိသားစုများက စေတနာဖြင့် ပေးသွားသည်ကိုသာ လက်ခံတတ်ကြောင်းလည်း ကိုဇော်ထွန်းက ဖွင့်ဟသည်။ ရေဝေးသုသာန်တွင် အလောင်းတစ်လောင်းလျှင် အအေးခန်းထိန်းသိမ်းခ အနေဖြင့် တစ်ရက်လျှင် ၁၅၀၀ ကျပ်ဖြင့်သာ တရားဝင်အခွန်ကောက်ခံကြောင်း အဆိုပါသင်္ချိုင်း၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအရ သိရသည်။
အအေးခန်းတာဝန်ခံထံမှ “ခန်းမ အားပြီ” ဟူသည့် အချက်ပေးသံ ကြားသည်နှင့် ကိုဇော်ထွန်းတစ်ယောက် အလောင်း၏မျက်နှာ မိတ်ကပ်ဖို့ခြင်းကို လက်စသတ်လိုက်သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက အေးစက် ခြောက်သွေ့နေသည့် အသက်မဲ့ ရုပ်အလောင်းသည် ယခုအခါ ပန်းများ၏ရနံ့နှင့် အရောင်များ၊ မိတ်ကပ်ဖြူလွလွ များဖြင့် တင့်တင့်တယ်တယ်။
ကိုဇော်ထွန်းတစ်ယောက် အအေးခန်း၏ အစိမ်းရောင်တံခါးကို တွန်းဖွင့်ကာ ရုပ်အလောင်းထားမည့် ခန်းမဆီသို့ ပြင်ဆင်ပြီးသည့် အသုဘခေါင်းတလား တင်ထားသည့် တွန်းလှည်းကို ဖြည်းညင်းစွာတွန်း၍ ထွက်သွားသည်။ ခန်းမတွင်းတွင်တော့ အသုဘရှင်များက မျက်ရည်တို့ တွဲခိုနေသော မျက်ဝန်းများဖြင့် ရုပ်အလောင်း၏ နောက်ဆုံးမျက်နှာကို ကြည့်ရှုရန် အသင့်စောင့်လျက်။
အခေါင်းကို ကျောက်သားခုတင် ပေါ်သို့ မ,တင်ပေးပြီးနောက် ကိုဇော်ထွန်းနှင့် ကိုရန်လင်းကျော်တို့သည် တွန်းလှည်းအလွတ်ကို တွန်း၍ အအေးခန်းဟူသော ဆိုင်းဘုတ်အောက်ရှိ ရုပ်အလောင်းများ ထားရှိရာ အအေးခန်း၏ အစိမ်းရောင်တံခါး နှစ်ချပ်ကို တွန်းဖွင့်ကာ နောက်ထပ် ရုပ်အလောင်းတစ်ခုကို ပြင်ဆင်ခြယ်သရန် ပြန်ဝင်သွားတော့သည်။
“တာဝန်မှအပ မဝင်ရ” ဆိုသည့် အခန်းငယ်လေး ထဲတွင်တော့ နောက်ထပ် ဘဝသံသရာခရီး မထွက်မီ အလှဆင်ပေးရမည့် သင်္ခါရတရားများက ကိုဇော်ထွန်းတို့ကို စောင့်ကြိုလျက်။
ခက်ဇော်
thevoicemyanmar

No comments:

Post a Comment