Monday 30 June 2014

Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်

Air KBZ လေကြောင်းလိုင်း၏ ခြောက်စီးမြောက် ၀ယ်ယူသည့် လေယာဉ်ဖြစ် သည့် ATR 72-600 လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ်ဖြစ်သည့် ATR 72-500  လေယာဉ်သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရသည်။

အဆိုပါ ATR 72-500 အမျိုးအစား လေယာဉ်မှာ ပြင်သစ်နိုင်ငံ ATR Company မှ အသစ်ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဲကမ္ဘောဇ လေကြောင်းလိုင်း စတင်တည်ထောင် ပျံသန်းခဲ့သည့် ၂ဝ၁၁ ခုနှစ် ဧပြီမှ ယခုသုံးနှစ်ကျော် ကာလအတွင်း ခုနစ်စင်းမြောက် ဝယ်ယူသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ ခုနစ်စင်းမြောက်လေယာဉ် ဇူလိုင်လမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြည်တွင်း ခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ မရှိသေးပေမယ့် ပွင့်လင်းရာသီ ကာလမှာတော့ ခရီးစဉ်တိုးချဲ့ပျံသန်းဖို့ ရှိပါတယ်” ဟု အဲကမ္ဘောဇ လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြောကြားသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်းသည် ATR 72-600 လေယာဉ်နှစ်စင်း၊ ATR 72-500 လေယာဉ်လေးစင်း စုစုပေါင်း လေယာဉ်ခြောက်စင်းဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သံတွဲ၊ စစ်တွေမြို့ ခရီးစဉ်များ ပျံသန်းလျက်ရှိကြောင်း သိရသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်း၏ ခြောက်စင်းမြောက် ဝယ်ယူသည့် ATR 72-600 လေယာဉ်သည် ဇွန် ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ 

Eleven Media Group 

No comments:

Post a Comment