Wednesday, 22 January 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ

----------------
ရေးသားသူ- နန်းအောင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက်သည့် မေးခွန်းတစ်ခုကို ဖြေကြားရတော့မည်ဖြစ်သည်။

မေးခွန်းက “သင်မည်သည့်လူမျိုးဖြစ်သနည်း”ပင်ဖြစ်သည်။

လာမည့်မတ်လ ၃၀ ရက်မှစတင်ပြီး နှစ်ပတ်ကြာကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အထက်ပါမေးခွန်းကို ဖြေကြရမည်ဖြစ်သည်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း”စသည့် တိုင်းရင်းသားမျိုးနွယ်စုကြီးများထဲမှ တစ်ခုခုကိုဖြေပြီး မေးခွန်းကလွယ်လွန်းသည်ဟု ထင်သူများအတွက် ဦးနှောက်ခြောက်စေမည့် နောက်ထပ်မေးခွန်းတစ်ခုရှိသေးသည်။

ဥပမာ- သင်က ဗမာဟုဖြေလိုက်သည်ထားတော့။ နောက်ဆက်တွဲမေးခွန်းက “ဗမာမျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည့် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)” ကိုးမျိုးထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

“ကချင်”ပါဟု ဖြေကြားသူများအတွက်လည်း “ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ (လော်ဂေါ်)၊ ရ၀မ်၊ လရှီ၊ အဇီး၊ လီဆူး”မျိုးနွယ်စုများထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ရာတွင် အငြင်းပွားစရာ ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း တိုင်းရင်းသားမျိုးနွယ်စုများက အစဉ်တစိုက်ဝေဖန်ခဲ့ကြသည်။

ဂဏန်းနံပါတ်အစွဲအလမ်းကြီးလွန်းသည့် အစိုးရအရာရှိများ၏စနက်ကြောင့် ၁+၃+၅=၉ ဖြင့် ၁၃၅ ဖြစ်လာသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၉၀ စက်တင်ဘာ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၏ လူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်မှစတင်သည်ဟုလည်း ပြောလေ့ရှိသည်။

အစိုးရဘက်ကတော့ သမိုင်းပညာရှင်များ၊ သမိုင်းကြောင်းအချက်အလက်များကို လေ့လာသုတေသနပြုရာမှ ထွက်ပေါ်ခဲ့သည့်စာရင်းဟု တုံ့ပြန်ခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ချိန်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်လာနိုင်ကြောင်း တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်အချို့ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းခွဲကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားထားသည်။

ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက်ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရကပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက်သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှုများရှိနေသည်။ သီးခြားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့်အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံးညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးကပြောသည်။

“နောက်တစ်ချက်က ဥပမာ လူဦးရေ ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ပြည်နယ်တစ်ခုမှာလား။ တိုင်းဒေသကြီးတစ်ခုမှာလား။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိရမယ်ဆိုတာ ဖြစ်လာတော့ ၁၃၅ မျိုး တစ်ခုချင်းဆီကို အခြေခံမှာလား။ ဒါမှမဟုတ် အရင်တုန်းကလို ချင်း၊ ရှမ်း၊ ကချင် အဲလိုဟာမျိုးကို အခြေခံမှာလားဆိုတာက မေးခွန်းမေးစရာဖြစ်လာတယ်”ဟု ဒေါက်တာရွှေခါးကပြောသည်။

အထက်ပါ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်သလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ်ကိုယ်စီရှိနေကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုနေကြသည့် ရခိုင်ပြည်နယ်တွင်လည်း “ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်”ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတွက် စိုးရိမ်စိတ်မကင်းဖြစ်လျက်ရှိသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ်ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများကဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါထပ်ခါရေတွက်ခြင်းများလည်းရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ်မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်းရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စုကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ(ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်ကပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

ကချင်တိုင်းရင်းသားစာရင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် “ကချင်”ကို ပြန်လည်ထည့်သွင်းထားခြင်းကြောင့် ပြည်နယ်အတွင်းတိုင်းရင်းသားများအကြား ဝေဖန်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အားလုံးက စိုးရိမ်ပူပန်ပြီး ကချင်ပျောက်မှာစိုးလို့ ကချင်မှာပဲ အားလုံးထည့်ပါပြောတော့ အားလုံးထည့်ရင် ကျန်တဲ့လဝေါ်တို့၊ လချိပ်တို့၊ ဂျိန်းဖောတို့ဆိုတာ ပျောက်သွားမှာပေါ့နော်”ဟု ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြားစိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသောတိုင်းရင်းသား ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်း စိန်ခေါ်မှုအများအပြားရှိနေဆဲဖြစ်သည်။ မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေရကြောင်း မွန်တိုင်းရင်းသားများကဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အချိန်မတိုင်မီ မွန်သံဃာတော်များနှင့် မွန်ခေါင်းဆောင်များက အဆိုပါအချက်ကို အစဉ်အမြဲထောက်ပြကာ မွန်လူမျိုးစာရင်းကောက်ယူရေးအတွက် ကြိုးစားလျက်ရှိသည်။

“ကျွန်တော်တို့က ပအိုဝ်းလူမျိုးက ကရင်ပြည်နယ်မှာ လူနည်းစုပါ။ ဒါပေမဲ့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ဖြည့်မယ်ဆိုရင်တော့ ပအိုဝ်းလူမျိုးဆိုပြီး ဖြည့်မှာပါ။ လူကြီးတွေကလည်း ကိုယ့်လူမျိုးနာမည်ပဲဖြည့်လို့ပြောထားတယ်။ အဲလိုဖြည့်လို့လည်း ပြဿနာမဖြစ်လောက်ပါဘူး။ ကိုယ့်လူမျိုးနာမည်ဖြည့်မှ ဘာလူမျိုးလဲဆိုတာကို သိကြမှာလေ။ ရပ်ကွက်ထဲက လူကြီးတွေကတော့ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်ရမလဲဆိုတာတော့ ပြောထားတာရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လူမျိုးနာမည်ပဲ ဖြည့်မှာပါ”ဟု ကရင်ပြည်နယ်၊ နောင်သငဲ့ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ခွန်မျိုးလွင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာလူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ကုတ်သတ်မှတ်ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများလက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

အချို့အတွက်တော့ “သင် မည်သည့်လူမျိုးဖြစ်သနည်း”ဆိုသည့်မေးခွန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရေး ကန့်သတ်ချက် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေး(သို့မဟုတ်) လွှတ်တော်တွင်း ပုံမှန်ခွဲတမ်းရနေမည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များ စစ်တန်းလျား ပြန်ရေး၊ မပြန်ရေး ကိစ္စထက်လည်း ပိုအရေးကြီးလေးနက်သည့်ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက် သည့် မေးခွန်းတစ်ခုကို ဖြေကြား ရတော့ မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment