Tuesday, 13 August 2013

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပ သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ညောင်ဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြိုင် မေးမြန်းသည့် ''ပုဂံညောင်ဦး မြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် ငါးခု၏ မီတာထိန်းသိမ်း စောင့်ရှောက်ခနှင့် မီတာခများကို ရာခိုင်နှုန်း ၅၀ အထိ လျှော့ချပေးနိုင်ခြင်း ရှိမရှိ'' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားခများကို တစ်ယူနစ်လျှင် အိမ်သုံး ၃၅ ကျပ်နှင့် စက်မှုလုပ်ငန်းသုံး ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် မီတာထိန်းသိမ်း စောင့်ရှောက်ခ များကို အိမ်သုံးမီတာ ကျပ် ၁၀၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း၊ မီတာထိန်းသိမ်း စောင့်ရှောက်ခကို ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေအရ ၁၉၅၁ ခုနှစ် ကတည်းက စည်းကြပ်ကောက်ခံ ခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက ပြောကြားခဲ့ သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်မှာ ၇၈ ကျပ်ခန့်ရှိပြီး တစ်ယူနစ် ပျမ်းမျရောင်းဈေးမှာ ၅၆ ကျပ် ဖြစ်သဖြင့် တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံကာ ဓာတ်အားသုံးစွဲ သူများထံ ရောင်းချပေးလျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

ထို့ကြောင့် မီတာထိန်းသိမ်း စောင့်ရှောက်ခ၊ မြင်းကောင်ရေကြေးနှင့် မီတာခများကို တစ်နိုင်ငံလုံး တစ်ပြေး ညီ ကောက်ခံလျက် ရှိကြောင်း၊ လက်ရှိတွင် အရှုံးပေါ်နေပါ၍ ရာခိုင်နှုန်း ၅၀ အထိ လျော့ချပေးရန် အစီအစဉ် မရှိသေးကြောင်း ဦးအောင်သန်းဦးက ဆက်လက် ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment