သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ
ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀
လက်မခန့်ရှိခြင်းမှာ Acromegaly ခေါ်
ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်းကြီး ထွားသော ရောဂါ တစ်မျိုးဟု
ယူဆရသည့်အတွက် ၎င်းအား စမ်းသပ်စစ်ဆေး၍ အထူးကု ဆရာဝန်ကြီးများ ၊
ဆေးပညာ ရှင်များမှ လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊
ဇူလိုင် ၁ ရက်က ဗဟန်းမြို့ နယ်ရှိ M-3 စားသောက်ဆိုင်တွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် အသည်းအထူးကု ဆရာ ၀န်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက
ပြောကြားသည်။
ကိုဝင်းဇော်ဦးမှာ အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပြီး ချွေးအလွန်ထွက်ပြီး၊
ဝေးဝေးမသွားနိုင်ခြင်းတို့ ခံစားနေ ရကြောင်း သိရသည်။ ကိုဝင်းဇော်ဦးသည် ဇွန်
၂၉ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ နိုဗယ်(လ်)အသည်း၊ သည်းခြေ၊ အစာအိမ်နှင့်
အူလမ်းကြောင်း အထူးကုဆေးခန်းတွင် တက်ရောက်လျက် ရှိကြောင်း သိရသည်။
ကျန်းမာရေး စောင့်ရှောက်မှု အ၀၀ကို ဦးဆောင်ပြုလုပ်ရာတွင် ပါဝင်မည့်
ပါမောက္ခ ဦးခင်မောင်ဝင်းက ''ဆေးပညာ ဆိုတာက ဘယ်သူမှတော့ တစ်ရာရာခိုင်နှုန်း
အာမခံနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကာယကံ ရှင်ရော၊ မိသားစုရော၊
အုပ်ချုပ်ရေးမှူးရော အကုန်လုံး သဘောတူညီမှုရမှ လုပ်ရမှာပါ။ သူက
ကျွန်တော် တို့ရဲ့ စေတနာကို အပြည့်အ၀ ယုံကြည်တယ်ဆိုရင် သူလက်ခံမှာပေါ့။
သူ့အပေါ်မှာ မူတည်ပါတယ်'' ဟု ပြောကြားသည်။
''ကျွန်တော်အရင်က ချွေးထွက်တာတို့ သွားရလာရ ခက်တာတို့ကလွဲလို့
ကိုယ့်ကိုယ်ကိုယ် လူကောင်း လို့ပဲ မှတ်တာပါ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက
ဆက်သွယ်ပြီး ဆေးကုသပေးမယ် ဆိုတော့ အထူးပဲ ၀မ်းသာပါတယ်။ ပုံမှန်ဆိုရင်တာ့
လူဆိုတာ သေရမှာပါပဲ။ ကျွန်တော့် အနေနဲ့ ငွေကြေးမပြည့်စုံတာနဲ့တင်
ဒီလိုကုရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားပါဘူး။ ကျွန်တော့် အနေနဲ့က
ဆရာကြီးတို့ အခုလို လုပ်ပေး မှာကို လက်ခံပါတယ်'' ဟု ကိုဝင်းဇော်ဦးက
ပြောကြားသည်။
ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးမြတ်သူက
''ဒီဖြစ်ရပ်က ဦးနှောက်ထဲမှာရှိတဲ့ Pituitary ဂလင်းက ဟော်မုန်းထွက်တာ
များလာလို့ ဖြစ်တာပါ။ အဲဒါဆိုရင် နှုတ်ခမ်းတွေ၊ မေးရိုးတွေ ကြီးလာတယ်။
သာမန်ထက် အရပ်ရှည်တာတို့ ခြေတွေလက်တွေ ကြီးတာတို့ ဖြစ် လာမယ်။
နောက်ပိုင်း မှာ မျက်စိမမြင်တာတို့ သွေးချို သွေးတိုးလို ဖြစ်လာတတ်တယ်။
လက်ရှိအချိန်ထိတော့ ကိုဝင်းဇော်ဦးက မျက်စိတွေလည်း ကောင်းတယ်။ သွေးချို၊
သွေးတိုးလည်း မရှိသေးဘူး။ ဆေးစစ်မှုတွေ ရလဒ်တွေ ထွက်လာပြီဆိုရင် ကုသမှုတွေ
လုပ်မယ်။ လိုအပ်ရင် ခွဲစိတ်ကုသမှုတွေ လုပ်ရပါမယ်'' ဟု ဆိုသည်။
From..EMG
No comments:
Post a Comment