မြို့ပတ်ရထားများ၌ နိုင်ငံခြားသားခရီးသည်စီးနင်းမှု များပြားလာ၍ ယခုနှစ်ဧပြီလမှ အောက်တိုဘာလအထိ FEC/ဒေါ်လာ ၁၀၀,၆၁၈ ကို မြန်မာ့မီးရထား၏ ၀င်ငွေအဖြစ် ရရှိခဲ့သည်။
“နိုင်ငံခြားသား ခရီးသည်က မြို့ပတ်မှာသာမကဘဲ အဝေးပြေးရထားတွေမှာပါ သိသိသာသာ များလာ တယ်။ အရင်က တစ်နေ့ကို အယောက် ၃၀ လောက်ပဲရှိတာ။ အခုဆို အနည်းဆုံး ၅၀ ကနေ အများဆုံး ၇၀ အထိ တိုးလာတယ်။ အဖွဲ့လိုက်လာတာ ရှိသလို တစ်ယောက်တည်းလာတာမျိုးလည်း ရှိတယ်” ဟု ရန်ကုန်ဘူတာကြီး မြို့ပတ်ရထား လက်မှတ်ရောင်းဌာနမှ ဦးခင်မောင်ဌေးက ပြောပါသည်။
ထို့ပြင် မြို့ပြအဆင့်မြှင့်တင်ရေး ပထမဦးစားပေး စီမံကိန်းအရ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြို့ပတ်ဘူတာ ၃၈ ခုအနက် ၃၃ ခုတို့တွင် ဆေးသုတ်ခြင်း၊ ကိုယ်ထည်ပြင်ဆင်ခြင်း၊ ဖိုက်ဘာခုံများ လဲလှယ်တပ်ဆင်ခြင်း၊ အမှိုက်ပုံးထားရှိခြင်းနှင့် လမ်းပိုင်းများတွင် ကွန်ကရစ်ဇလီဖားတုံးခင်းခြင်းတို့အပြင် ရထားသံလမ်းဘေး၌ ပလက်ဖောင်းများထားရှိခြင်းတို့ကို ဆောင်ရွက်နေကြောင်း ရန်ကုန်ဘူတာကြီး ဒုမန်နေဂျာ ၏ ပြောကြား ချက်အရ သိရှိရသည်။
မြို့ပတ်ရထားများကို ရန်ကုန်ဘူတာကြီးမှ တစ်ရက်လျှင်တွဲဆိုင်း၂၁ ဆိုင်း၊ ခရီးစဉ် ၂၀၀ နှုန်း ဖြင့် နေ့ စဉ်ပြေးဆွဲပေးလျက်ရှိပြီး လက်မှတ်နှုန်းထားများကို ပြည်တွင်းခရီးသည် တစ်ဦးလျှင် ကျပ် ၁၀၀၊ နိုင်ငံခြား သား ခရီးသည်တစ်ဦးလျှင် တစ်ဒေါ်လာဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။
“မြို့ပတ်ရထားကို စိတ်ဝင်စားလို့ လာစီးတာပါ။ မြို့ပတ်ရထားက ဧည့်လမ်းညွှန်စာအုပ်ထဲမှာလည်း ပါတယ်။ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ရှုခင်းတွေကိုလည်း မြင်ရတယ်။ ရထားကိုတော့ အချိန်မှန်ပြေးဆွဲပေးဖို့ လိုပါတယ်” ဟုကနေဒါနိုင်ငံသူ ခရီးသည်တစ်ဦးက ပြောပါသည်။ အမေရိကန်နိုင်ငံသား Josh ကလည်း “ရထားတွဲတွေမှာပိုကောင်းတဲ့ ထိုင်ခုံတွေ တပ်ဆင်ပေးထားရင် ကောင်းမယ်၊ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသည်တွေအတွက် သီးသန့်ရထားတွဲတွေ ထားရှိပေးမယ်ဆိုရင် ပိုအဆင်ပြေမယ်” ဟု ပြောကြားသည်။
From : Eleven Media Group
No comments:
Post a Comment