Thursday, 20 September 2012

"မုံရွာမြို့၏ မြလည်ဆွဲကြီး ပျောက်ဆုံးတော့မည်"



ကျွန်တော်တို့ငယ်စဉ်က ဇာတိ လယ်ဇင်ရွာမှ မုံရွာမြို့သို့သွားသောအခါ ရွာအနောက် အထွက်တွင် ပြာပြာညို့ညို့ ထန်းတောကြီးကို မြင်ရပါသည်။ ထန်းပင်လုံးနက်ပြာမြင့်မြင့်ကြီးများကြားတွင် အရှေ့မှ ကြွတက်လာသည့်နေရောင်ဖြင့် လင်းလင်းလက်လက် မြစိမ်းရောင်တောက်ေ နသော  တောင်တန်းမြင့်ကြီးကို လှမ်းမြင်ရပါသည်။ မဟာဆန်လိုက်တာ။ ထိုတောင်ကြီးမှာ လက်ပံတော င်းေ တာင်ဖြစ်  သည်ဟု ဖခင်က ပြောပါသည်။ မြို့နားသို့ကပ်လာသောအခါ ပေတစ်ရာလမ်းက ချင်းတွင်းမြစ်နှင့် ယှဉ်ပြေးပါသည်။ လက်ပံတောင်းတောင်ကြီးနှင့်လည်း ယှဉ်ပြေးပါသည်။

မြစ်ထဲတွင် လှေများက ရွက်ဖွင့်လျက် တောင်လေ၏အားဖြင့် စက်ဘီးထက်မြန်မြန် တရွှဲရွှဲ ရွက်တိုက်ပြေးပါသည်။ မြစ်ရေပြင်ပေါ်တွင် ရွက်လှေအရိပ်များ ပြေးနေသည်။ လှေအရိပ် များနှင့်အတူ တောင်အရိပ်ကြီးကိုလည်း မြင်ရသည်။ ရေပြင်ပေါ်က အရိပ်တောင်။ မြေပြင်ပေါ်က စိမ်းစိမ်းပြာပြာတောင်။ ကြည့်မဝသည့် လှုပ်ရှားအရိပ်များ။

ကြည့်ရင်း ကြည့်ရင်း တောင်ကြီး၏အရောင်မှာ အပြာလက်သည့်နေရာ လက်၊ အဝါယှက်သည့်နေရာ ယှက်၊ အစိမ်းပက်သည့်နေရာ ပက်၊ ရောင်မျိုးစုံ ယှက်သန်းလင်းလက်နေသည်။ တောင်အောက်ခြေမှာ အရောင်ရင့်ရင့်၊ တောင်လုံးများကြားတွင် အရောင်ရွှန်းလက်၊ အထက်ပိုင်းတွင် ဝါဝါ ဖြာ လင်း။ တောင်ကြီး၏ အရောင်မျိုးစုံ ယှက်ယှက်သန်းသန်း အလင်းကွက်တွေ ဝေနေသည်ကို ကြည့်၍မဝ ကြည့်နေရသည်။

ပုံပန်းသဏ္ဍာန်အားဖြင့် တောင်တန်းကြီး၏ တောင်ဘက်ပိုင်းမှာ မီးတောင်အေးပမာ မို့မို့ပြန့်ပြန့် မုန့်ပေါင်းဆင်း ပြေးသွားသည်။ မြောက်ဘက်ပိုင်းမှာ ဆင်ကြီးနှာမောင်းခင်း၍ ဝပ်နေ သည့်ပုံဖြစ်သည်။ တောင်၏ ပုံသဏ္ဍာန်ကို မုံရွာသားများက အမျိုးမျိုးမြင်ကြသည်။ ကဗျာဆရာ ဘုတလင်ချစ်လေးက ဤလက်ပံတောင်းတောင်မှာ မုံရွာမြို့၏ မျက်ခုံးမွှေးဖြစ်သည်ဟု မြင်သည်။ ချင်းတွင်းမြစ်ကမ်းသို့ ရေဆင်း၍ သောက်နေသည့် ဆင်နက်ပြာကြီးဟု ထင်သူကထင်သည်။ ကျွန်တော်ကတော့ လက်ပံတောင်းတောင်သည် မုံရွာ၏ မြလည်ဆွဲ ထင်သည်။

ဖိုဝန်းတောင်ကိုမူ ပိန်းကောလှေကြီး မှောက်ထားပုံနှင့် တူသည်ဟု ပြောကြသည်။ ဟိုအရင်က မုံရွာမှ ဖိုဝန်းတောင်သို့ သွားသောအခါ လမ်းမှာ စံပယ်တောင်၊ ကြေးစင်တောင်တို့ကို မလှမ်းမကမ်း မှာ မြင်ရပါသည်။ ထိုစဉ်က ထိုတောင်များတွင် ကြေးနီတူးဖော်ခြင်း မလုပ်ရသေးပါ။ တောင်နှစ် လုံးသည် မှေးယှက်နေကြရာ ဒေစီကျော်ဝင်းတောင်ဟု လူများက ခေါ်တတ်ကြသည်။ ထိုစဉ်ကမူ ထိုတောင်များမှာ အမို့အမောက်တွေနှင့်။ ယနေ့ကား ပင်လယ်ထက်နက်အောင် ပေ၁၀၀၀ နီးပါး နက်ရှိုင်းသော ဧက ၇၀ ကျယ် ဧရာမကျင်းကြီး ဖြစ်နေပြီဟု သိရ၏။ ထိုတောင်များမှရသော ကြေးနီတန်ချိန် ငါးသိန်းကျော်ကို ထုတ်ယူ ငွေလုပ်လိုက်ကြပြီ။ အနားရှိ ရွာများမှာကား စိုက်ပျိုးမြေတွေ အကုန်ပျက်သည်။   ရေတွင်းတွေ အကုန်ပျက်သည်။ လူစဉ်မမီသည့်ကလေးများ မွေးလာကြသည်။ ရောဂါဆိုးများ ဖိစီး နှိပ်စက်လာသည်။ မြေပျက်၊ ရေပျက်၊ ရွာပျက်၊ လေသန့်ပင် အသက်ရှုစရာမရတော့။

ကြေးနီ တူးဖော်မှုမှာ လူထုအတွက် ဆိုးကျိုးများသာ ခံမဆုံး ခံကြရသည်။ သူခိုးများအတွက်သာ အကျိုးရှိကြသည်။ ကြေးနီ ခိုးမှုကြီးကို ဂျာနယ်အချို့တွင် တွေ့ရသည်။ ဤရှေ့သွားဖြစ်သော စံပယ်တောင်၊ ကြေးစင်တောင်တို့၏ နမူနာကို ကြည့်၍ ယခု လက်ပံတောင်းတောင် ကြေးနီလုပ်ငန်းကား အများကြီး ပိုဆိုးမည့် အခြေအနေ ရှိသည်။

ယခုပင် လက်ပံတောင်းတောင်တစ်ဝိုက်ရှိ ရွာ ၂၆ ရွာက လုပ်ကိုင်နေသော စိုက်ပျိုးမြေ ဧက ၇၈၀၀ ကျော်ကို သိမ်းယူပြီးပြီ။ ရွာ ၄ ရွာကို အဝေးသို့ နှင်သည်။ ရွာဘုန်းကြီးပင်မှ နှင်ထုတ်ခံရသည်။ စာသင်ကျောင်းများကိုလည်း နှင်ထုတ်သည်။ ရွာသူ ရွာသားများမှာ လုပ်စားစရာ မြေမရှိကြတော့။

ကြောက်စရာကောင်းသည်မှာ ကြေးနီလုပ်ဖို့အတွက် မြေဧက ၇၈၀၀ ပေါ်မှာ အက်ဆစ် ငရဲမီးရည်များ ဖျန်းမည်။ ထို အက်ဆစ်တို့သည် မြေကြီးကို အဆိပ်သင့် ပျက်စီးသွားစေရုံသာမဟုတ်၊ ချင်းတွင်းမြစ်ထဲသို့ တစိမ့်စိမ့်စီးဆင်းသွားကာ မြစ်ရေကို အဆိပ်သင့်စေမည်။ ငါးပုစွန် ရေသတ္တဝါတို့ကို သေစေမည်။ ထိုအက်ဆစ်ရည်သည် ဧရာဝတီမြစ်တွင်းသို့ပါ ဆက်စီးသွားပြီး ဧရာဝတီ ငါးပုစွန်များကို သေစေမည်။ ဧရာဝတီရေလွှမ်းသည့် လယ်မြေများကို အဆိပ်သင့် ပျက်စီးစေမည်။ စပါး ကောက်ပဲ စိုက်ပျိုးထုတ်လုပ်မှု ပျက်စီးစေမည်။

ဤကြေးနီလုပ်ငန်းလုပ်သည့်အတွက် လူထုမှာ ရက်ရက်စက်စက် သားစဉ်မြေးဆက် နာမည်။ တိုင်းပြည်လည်း နာတာရှည်ကြီး နာမည်။ ဤလုပ်ငန်းမှ တိုင်းပြည်က ပြန်ရနိုင်သည့်ဝင်ငွေနှင့် တိုင်းပြည်နှင့် လူထု အရှုံးကြီးရှုံးစရတို့မှာ ထေ၍ မရနိုင်အောင် အရှုံးကြီးပါလိမ့်မည်။

မုံရွာ ချင်းတွင်းနယ်သူ နယ်သားတို့မှာလည်း ဤလှပသောတောင်ကြီးကို ထာဝစဉ် ဆုံးရှုံးသွားကြ ရလိမ့်မည်။ သူတို့၏ မြလည်ဆွဲကြီး ပျောက်သွားခံရပါလိမ့်မည်။

တောင်သူတွေ မြေဆုံး ရေဆုံး သားသမီး လူလုံးမလှ အင်္ဂါမစုံ။

တိုင်းပြည်မှာလည်း ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ အနာကြီး နာနိုင်သည်။ နာဂစ်မုန်တိုင်းက ရက်ပိုင်းတိုက်ပြီး ဖျက်ဆီးသည်။ ဤကြေးနီလုပ်ငန်းကြီးက ထာဝရ ဆိုးကျိုး တစ်သီတစ်တန်း နှင့် အချိန်ကာလရှိသမျှ အနာကြီးနာနေအောင် လုပ်လိမ့်မည်။

နိုင်ငံတော်၏ အကြီးအကဲများသည် တိုင်းပြည်အတွက် ရစရာနှင့် ဆုံးရှုံးစရာများကို ချိန်စက် စဉ်းစား၍ နိုင်ငံအတွက် လူထုအတွက် အသက်သာဆုံးလမ်းကို စဉ်းစားရှာဖွေသင့်သည်။ Best Option ကို ရွေးချယ်ရလိမ့်မည်။

ဤကိစ္စသည် တိုင်းတစ်ပါး ဆန့်ကျင်ရေးလုပ်ငန်းမဟုတ်ပါ။ မိမိနိုင်ငံ မိမိလူမျိုးများကို ထိန်းသိမ်းကာ ကွယ်ရေး လုပ်ငန်းသာဖြစ်သည်။ အမြော်အမြင်ကြီးသော ပြည်ချစ်လုပ်ငန်းသာဖြစ်သည်။

မှားခဲ့မိသောအမှားကို ဆက်မှားလျှင် တစ်ပြည်လုံး ကြေးနီတွင်းထဲ စုံးစုံးနစ်ကြရဖို့ ရှိလိမ့်မည်။

အမှားကို မြင်၍၊ အမှားကိုသိ၍၊ ထိုအမှားကို စွန့်ပစ်ခြင်းမှာ သူတော်ကောင်းတို့ လုပ်ကောင်းသော အရာသာဖြစ်သည်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစီမံကိန်းကို အပြီးအပြတ် ဖျက်သိမ်းခြင်းသည်သာ အသက်သာဆုံးလမ်း၊ တိုင်းပြည်နှင့်လူထု အသက်ဆက်ရှုနိုင်ဖွယ်ရာ လမ်း ဖြစ်ပါသည်။


Reference and Credit to - အံ့မောင်

No comments:

Post a Comment