KIA
နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။ လဂျားယန်၊ မိုင်ဂျာယန်နဲ့
ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ
လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။
KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့်
ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး
ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။
ဒီနေ့ခေတ်မှာ
အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့
စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ
မရွေး အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန်
ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး
မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ
အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။
ဒါတွေကြောင့်
တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ
ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ
လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။
အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ
KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
KIA
ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို
ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။ KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့်
တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး
ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။
ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊
ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို
KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။
သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင်
ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ
နာမည်ပြောင်းပေးချင်ပါတော့တယ်။
KIA
ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ
ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့
အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ
ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း
သိရတယ်။
ပြီးခဲ့တဲ့
ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်
ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ
ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ
ဖြစ်ပါတယ်။
ဒီအကြောင်းကို
ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။
“တကယ်တမ်းကျတော့
ဒုက္ခသည်တွေက စိတ်မဝင်စားပါဘူးဗျာ၊ KBC ကနေ တစ်ရပ်ကွက်ကို အနည်းဆုံး လူ ၁၀ ဦး လိုက်ပါရမယ်လို့
KIA နဲ့ ကိုင်ပေါက်ပြီး ခြိမ်းခြောက် ခေါ်လို့သာ ရပ်ကွက်ထဲကလူတွေ လိုက်သွားခဲ့ရတာပါ။
ကျွန်တော့်သားက ၁၀ နှစ်ပဲ ရှိသေးတာ။ ဒုက္ခသည်
ဆိုတာလည်း မသိဘူး၊ နိုင်ငံရေးလည်းမသိဘူး၊ ကချင်လူမျိုးဆိုရင် လိုက်ရမယ်ဆိုလို့ ကြောက်လန့်ပြီး
ပါသွားခဲ့တာ။ ထမင်းတစ်နပ်ငတ်ပြီး ပြန်လာခဲ့ရတာပဲ အဖတ်တင်တယ်”။
ဒါနဲ့ပတ်သက်ပြီး
ဦးလဖိုင်ဂျာနော်နဲ့ ရင်းနှီးသူတစ်ယောက်က ဦးလဖိုင်ဂျာနော် အနေနဲ့ KIA ကို မလွန်ဆန်ရဲလွန်းလို့သာ
ဒီလိုလုပ်နေရတာဖြစ်ကြောင်း၊ လိမ်ညာရတဲ့အလုပ်တွေကို သူကိုယ်တိုင် ရွံရှာနေပြီဖြစ်ကြောင်းနဲ့
ဘရန်ရှောင်ဟာ KIA က တပ်ကြပ်ကြီးဆိုတာ သူကိုယ်တိုင်သိကြောင်း ပြောပြပါတယ်။
အခုချိန်မှာ
KIA ဘာဆက်လုပ်မလဲ၊ မျောက်ပြဆန်တောင်းပြီး သူတောင်းစားလို ဆက်လုပ်မလား၊ “ဝ” တို့ စိုင်းလင်းအဖွဲ့တို့လို
ဘိန်းစိုက်ပြီး မူးယစ်ဆေးဝါးနဲ့ ငွေရှာမှာလား၊
စစ်တပ်ဆီမှာပဲ ဒူးထောက်အညံ့ခံမှာလားဆိုတာ သေချာစဉ်းစားသင့်ပြီဖြစ်ပါတယ်။
စစ်တပ်ကလည်း
အလျော့မပေး၊ KIA ခေါင်းဆောင်တွေကလည်း ခေါင်းမာ၊ ကြားထဲက ကချင်ပြည်သူတွေကတော့ အမှောင်ကျနေဆဲ၊
စစ်မြေပြင်ဖြစ်နေဆဲ၊ ရောဂါတွေထူပြောဆဲ၊ အငတ်ဘေးဒုက္ခရောက်လို့ သေကြေနေကြဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ
နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးအတွက် KIA လူမိုက်တွေကို ဘုရားသခင် ဒဏ်ခတ်ပါလိမ့်မယ်။
ဇောင်းဟရား၊ လဂျာနဲ့ ဂမ်ရှောင်တို့ အဖွဲ့ကို အသိတရားရစေဖို့ တန်ခိုးတော်နဲ့ ဆုံးမပေးတော်မူပါ။
အာမင် ။
No comments:
Post a Comment