Monday 18 January 2016

အီရတ်တွင် အမေရိကန် နိုင်ငံသားများ ပျောက်ဆုံးနေကြောင်း အမေရိကန်သံရုံး အတည်ပြု

ဘဂ္ဂဒက်မြို့လယ် တစ်နေရာကို တွေ့မြင်ရစဉ်
အီရတ်နိုင်ငံအတွင်း အမေရိကန် နိုင်ငံသားအချို့ ပျောက်ဆုံးနေကြောင်း ဘဂ္ဂဒက်မြို့တော် အခြေစိုက် အမေရိကန် သံရုံးက အတည်ပြု ပြောကြား ခဲ့သည်။
အရေအတွက် အတိအကျ မသိရသေးသည့် အမေရိကန် နိုင်ငံသားအချို့ အီရတ်တွင် ပျောက်ဆုံးသွားကြောင်း သံရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “အမေရိကန် သံရုံးအနေနဲ့ အီရတ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပျောက် ဆုံး နေတဲ့ အမေရိကန် နိုင်ငံသားတွေကို ကယ်ဆယ်ဖို့ အစွမ်းကုန် လုပ်ဆောင် နေပါတယ်”ဟု သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အတည်မပြုနိုင်သည့် သတင်းအချို့က ဘဂ္ဂဒက်မြို့ တောင်ပိုင်းတွင် အမေရိကန် နိုင်ငံသား ၃ ဦးနှင့် အီရတ် စကားပြန် ၁ ဦးတို့ ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြခဲ့ကြသည်။ အမေရိကန် အာဏာပိုင်များကမူ ပျောက်ဆုံးနေသည့် နိုင်ငံသား အရေအတွက်နှင့် ပျောက်ဆုံးရသည့် အကြောင်းရင်းတို့ကို အတိအကျ မဖော်ပြခဲ့ချေ။

အီရတ်အစိုးရ တာဝန်ရှိသူ တစ်ဦးကမူ အမေရိကန် နိုင်ငံသား ကန်ထရိုက်တာ သုံးဦး ဇန်နဝါရီ ၁၅ ရက်ကတည်းက ပျောက်ဆုံးနေကြောင်း CNNသို့ ပြောကြားခဲ့သည်။ “ကုမ္ပဏီ တစ်ခုက သူတို့ရဲ့ ဝန်ထမ်းတွေ လွန်ခဲ့တဲ့
နှစ်ရက်ကတည်းက ပျောက်နေကြောင်း တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇)ရက်မှာ တိုင်ကြားလာပါတယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့ ကိုင်တွယ် စုံစမ်းနေဆဲပါ”ဟု အဆိုပါ အရာရှိက ဆိုသည်။

“နိုင်ငံရပ်ခြားက အမေရိကန်တွေရဲ့ လုံခြုံရေး၊ ဘေးကင်းရေးဟာ ကျွန်တော်တို့ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ အကယ်၍ အဆိုပါ ပျောက်ဆုံးမှုသည် ပြန်ပေးဆွဲခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါက အီရတ်တွင် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ချက်များအတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်လာဖွယ် ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ကကလည်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ ဦးဆောင်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ ယင်းသည် ဘဂ္ဂဒက်တွင် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အဓိကသွေးထွက်
သံယို အကြမ်းဖက်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

Ref: CNN

No comments:

Post a Comment